ကလေးမြို့မှာ အမျိုးသားသုံးဦး ဖမ်းဆီးခံရ

2021.09.15
ကလေးမြို့မှာ အမျိုးသားသုံးဦး ဖမ်းဆီးခံရ ကလေးမြို့မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်း ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ ဦးမောင်နဲ့ စက်မှုဇုန်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦး စုစုပေါင်း သုံးဦး စက်တင်ဘာလ ၁၄ ရက် မနေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဦးမောင်ကိုတော့ နေအိမ်မှာရှိနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ လောက်နဲ့ ဖမ်းဆီးသွားတာဖြစ်ပြီး စက်မှုဇုန်ရပ်ကွက်က အမျိုးသားနှစ်ဦးကတော့ တွင်ခုံမှာ အလုပ်လုပ်နေချိန် လာရောက် ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

"စက်မှုဇုန်က သုံးယောက်ဖမ်းတယ်။ တစ်ယောက် ပြန်လွတ်တယ်။ နောက်ပြီးတော့ ဗောဓိကုန်း အောင်မင်္ဂလာရပ်ကွက်က ဦးမောင်ကိုလည်း ဖမ်းသွားတယ်ပေါ့နော်။ သုံးယောက်ပေါ့နော်။ ဒီရက်ပိုင်းမှာ အဖမ်းအဆီးတွေ တော်တော်များနေတယ်။ ပြီးတော့ အိမ်တွေကို ရှာတာတွေလည်းရှိတယ်”

မနေ့က ဖမ်းဆီးခံရသူတွေကို ကလေးမြို့နယ်ရဲစခန်းကို ဆက်လက်ခေါ်ဆောင်သွားတယ် လို့လည်း ဒေသခံတွေကပြောပါတယ်။

သူတို့ကို ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ကလေးမြို့မှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းမတွေကို ပိတ်ပြီး အသွားအလာတွေကို တင်းကျပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကလေးမြို့မှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုတွေကြောင့် ပစ်ခတ်ခံရလို့ သေဆုံးသူ ၅၀ ကျော်နဲ့ ဖမ်းဆီးခံရသူ ၁၀၀ ကျော်ရှိနေပြီလို့ ဆန္ဒပြသပိတ်ဦးဆောင်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။