တောင်သာမြို့နယ်က ရွာသုံးရွာမှာ အမည်မသိ အလောင်းသုံးလောင်းတွေ့

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းက ဘုရားလှကျေးရွာ၊ ဖက်တောကျေးရွာနဲ့ နန်းမြင့်ကျေးရွာ အနီးမှာ မတ်လ ၁၁ ရက်က သေနတ်ဒဏ်ရာတွေနဲ့ ပိုင်ရှင်မဲ့ အမျိုးသား အလောင်းသုံးလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေမှာ ဓားဒဏ်ရာတွေ၊ သေနတ်ဒဏ်ရာတွေနဲ့ ညဘက် လူတွေမထွက်တဲ့ အချိန်မှာ လာချသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
"ဘယ်သူမှထွက်လို့မရတဲ့ချိန် အလောင်းတွေ လာချထားတယ်။ သေတဲ့သူတွေက ဒီနယ်မြေကလည်း မဟုတ်တော့ စဉ်းစားစရာတွေပေါ့၊ ဒေသကို အကြောက်တရား သွင်းတာလားလို့ တွေးမိတယ်။ အခုထိတော့ သေဆုံးတဲ့သူတွေ ဘယ်သူတွေလဲဆိုတာ မသိသလို ဒီရွာတွေကလည်း မဟုတ်ဘူး"
သေဆုံးနေတဲ့ အဲဒီအလောင်းတွေကို တောင်သာဆေးရုံဆီ သယ်သွားပြီး သင်္ဂြိုဟ် လိုက်တယ်လို့ ဆိုပါတယ်။
နန်းမြင့်ကျေးရွာအနီးမှာ တွေ့ရတဲ့သူက အသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်ပြီး ဘုရားလှရွာနဲ့ ဖက်တောရွာ အနီးမှာတွေ့ရတဲ့ အလောင်းတွေက အသက် ၄၀ ဝန်းကျင် အရွယ်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ဘယ်ဒေသက လူတွေဆိုတာ မသိကြဘူးလို့ပြောကြပြီး ဘယ်သူတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပြီး ဒီနေရာတွေမှာ ဘာကြောင့်လာချသွားတာလဲဆိုတာ ဘယ်သူမှ မသိကြသေးသလို RFA ကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သီးခြားအတည်မပြုနိုင် သေးပါဘူး။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၉ ရက်နေ့ကလည်း ခြုံကြီးရွာသား ကိုဝေဖြိုးကို စစ်တပ်နဲ့ရဲက နေအိမ်ကို လာရောက်ရာ မတွေ့တဲ့အတွက် သူ့မိသားစုဝင် ခြောက်ဦးကို ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။