ထန်းတောရွာတိုက်ပွဲ စစ်ကောင်စီဘက်က ၃ဝ ခန့် ထိခိုက်ဒဏ်ရာရ
2022.05.20
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းတောရွာမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း (၄) ဦးဆောင်တဲ့ နွေဦးတော်လှန်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက်ခံ ဟုမ္မလင်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း ၃၆၉ က တပ်ဖွဲ့ဝင်တွေ မေလ ၂ဝ ရက်နေ့ မနေ့ မနက်က နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ ပါဝင်တဲ့ PDF တပ်ရင်း (၄)ရဲ့ တပ်ခွဲမှူးတစ်ဦးကတော့ ကိုသူရိန်ပါ။
“၈ နာရီ ၅၂ မိနစ်လောက်မှာ စပြီးတော့ တိုက်ပွဲဖြစ်တယ်။ ၉ နာရီ ခွဲကျော်ကျော်လောက်မှာပြီးတယ်။ မိနစ် ၃ဝ ကျော် ၄ဝ လောက်ကြာတယ်ဗျ တိုက်ပွဲက။ တပ်ရင်း ၄ ရဲ့ လက်အောက်ခံ တပ်ခွဲ ၂ တပ်ခွဲ ၃ တပ်ရင်း ၄ နဲ့ ကန့်ဘလူ Under ground ရယ်၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေရယ် စုပေါင်းပြီးတော့ ပထမတော့ သူတို့ကို ကြားဖြတ်တိုက်မယ် ပြင်ဆင်ခဲ့တာပေါ့။ ဒါပေမဲ့ သူတို့က ကျနော်တို့ ဆက်သွယ်ရေးစက်နဲ့ သွားငြိနေသလား မပြောတတ်ဘူး၊ ကျနော်တို့ ရှိတဲ့နေရာကို သူတို့က သွားသိနေတယ်။ မြောက်ဘက်ကနေ ကျနော်တို့ ကင်းယူတဲ့နေရာကို လက်နက်ကြီးနဲ့ တအား ပစ်နေတာ။ ပထမ ဦးဆုံး ၆ဝ နှစ်လုံး ပစ်လိုက်တယ်။ ကျနော်တို့ဆီကို ခဏနေတော့ စက်ကလေးပေါ့ သူတို့ပြောတဲ့ MA 2 ရမ်းတယ် ကျနော်တို့ကို။ ရမ်းတဲ့ အခါမှာ ကျနော်တို့ရွာကနေပြီး ဆုတ်ခွာနေရတာပေါ့။ အစပိုင်းကတော့ ပြည်သူတွေကို တစ်ခါတည်း ရွှေ့ပြီးသားပေါ့။ ရွာ့ အရှေ့ဘက်မှာ တစ်ခါတည်း ရွှေ့ပြောင်းလိုက်ထာ။ နှစ်ဖက်ညှပ်ပစ်တာ ကျနော်တို့ကို။ မြောက်ဘက်က တစ်ဖွဲ့၊ အနောက်ဘက်ကတစ်ဖွဲ့။ ပစ်တဲ့ အချိန်မှာ ကျနော်တို့က အနောက်ကို တစ်ခါတည်း ဆုတ်ပြေးလိုက်တာ ဟိုဘက်ကို။ အရှေ့တောင်ဘက်လောက်ကို ကာပစ် ပစ်ပြီးတော့။”
အဲဒီလို PDF တွေ ထန်းတောရွာက ဆုတ်ခွာချိန်မှာ ရွာကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက PDF တွေထောင်ထားတဲ့ မိုင်းကွင်းထဲကို ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့က ရွာရဲ့ အနောက်မြောက်ဘက် ဒေါင့်ကနေ ဝိုက်ပြီးတော့ ကျားထိုးပြီးဝင်လာတာပေါ့ ရွာကို။ ဝင်လာတဲ့ အချိန်မှာ ကျနော်တို့ မိုင်းနဲ့ သွားပြီးတော့ ထိပ်တိုက်တွေ့တာ ရွာရဲ့ အနောက်ဘက်က ကွင်းပြင်ကြီးပဲ ရှိတာ။ အဲ့ကွင်းပြင်ကြီးကို သူတို့က ပြေးတက်လာတာ။ ပြေးတက်လာတဲ့ အချိန်မှာ အမြင့်တစ်နေရာ ချုံပုတ်မှာ ထောင်ထားခဲ့တာ အဲ့မိုင်းကို။ အဲ့ရှေ့ထွက်နဲ့ သွားပြီးတော့ နှစ်မျက်နှာ မိတယ်လို့ ပြောရမှာပေါ့။ အနောက်ဘက်နဲ့ မြောက်ဘက်မျက်နှာ သွားမိတာပေါ့ မိုင်းက။ သူတို့ အဲ့ဒီမှာ ထိခိုက် ဒဏ်ရာရတဲ့သူတွေကို ကျနော်တို့နဲ့ ၁ဝ မိုင်လောက်ဝေးတဲ့ မလယ်ကို တစ်ခါတည်း တန်းခေါ်သွားတာ အခု မလယ် က ဆေးခန်းမှာ။”
မိမိတို့ဘက်က အချိန်မီဆုတ်ခွာခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူမရှိဘဲ ရန်သူစစ်ကောင်စီဘက်ကတော့ ၃ဝ ခန့် ဒဏ်ရာရရှိသွားခဲ့တယ်၊ သေဆုံးသူလည်းရှိတယ်လို့ ကြားရပေမယ့် အတိအကျတော့ မသိနိုင်သေးဘူးလို့ ကိုသူရိန်က ပြောပါတယ်။
“ခမရ ၃၆၉ စစ်တပ်က သူတို့ ၁၂၃ ယောက်ပါတယ်။ မလယ် ဆိပ်ကမ်းကို ရောက်တဲ့အခါမှာ ရေတွက်ကြည့်တော့ ဒီတိုင်း ခြေလျင်သွားတဲ့ စစ်သားဦးရေက ၇၆ ယောက်ပဲ ပြန်ပါလာတယ်။ ကျန်တဲ့သူတွေကို ကားတွေနဲ့ တိုက်ပြီးလာတယ်လို့ ကြားရတယ်။ လက်ရှိမှာတော့ ၃ဝ လောက်ထိ ထိခိုက်ထားတယ်လို့ သိရတယ်။ သေဆုံး စာရင်းကိုတော့ ဆက်လက်ပြီး စုံစမ်းနေတယ်။ အတိအကျတော့ မသိသေးဘူးဗျ။ ကျနော်တို့ PDF တွေ ဆိုင်ကယ် ကိုးစီးလောက်ကို မီးရှို့သွားပြီးတော့ အသက်ကြီးပိုင်း ယောက်ျားသားတစ်ယောက်ကို ဖမ်းသွားပြီးတော့ ထန်းတောရွာရဲ့ မြောက်ဘက် နှစ်မိုင်လောက်ဝေးတဲ့ လေးတွင်းစင် ကျေးရွာက ယောက်ျားသား နှစ်ယောက်ကိုလည်း လမ်းမှာ ဖမ်းသွားသေးတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးဗျ။ အဲ့ သုံးယောက်ပဲ ပါသွားတယ်။ ရွာကို မီးမရှို့ဘူးဗျ။ လက်နက်ကြီးနဲ့ပဲပစ်တာ။ ရွာကို မဝင်သွားဘူးဗျ။”
တိုက်ပွဲမှာပါဝင်တဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးက စစ်ကောင်စီတပ်ဖွဲ့တွေဟာ လမ်းတစ်လျှောက်ရှိအိမ်တွေကို ဖျက်ဆီးသွားတယ်လို့ ပြောပါတယ်။
နောက်ထပ် PDF အဖွဲ့ဝင်တစ်ဦးကလည်း စစ်ကောင်စီတပ်ရင်းဟာ ထန်းတောရွာကို မရောက်ခင် မေလ ၁၉ ရက်နေ့က ပဇီကြီးဆိုတဲ့ရွာမှာ စခန်းချခဲ့ပါတယ်။ နောက်တစ်နေ့ စစ်ကောင်စီတပ်တွေ အဲဒီ ရွာက ထွက်သွားတဲ့အခါ တပ်သားတစ်ဦးဟာ အရက်မူးပြီး စစ်ကြောင်းနဲ့ ပါမသွားဘဲ ကျန်ခဲ့တဲ့အတွက် သူတို့ဖမ်းပြီး စောင့်ရှောက်ထားတယ်လို့ RFA ကိုပြောပါတယ်။
“ခမရ ၃၆၉ က ကျနော်တို့ ပဇီကြီးရွာမှာ ညအိပ်ပြီးတော့ မနက်လင်းတော့ တပ်တွေက ဆုတ်ခွာချိန်မှာ တပ်သား သန်းထိုက်အောင် ခရီးထွက်တာလည်း မပါဘဲ ရွာမှာကျန်ခဲ့ပြီးတော့ ကျနော်တို့ ဖမ်းမိတယ်ဗျ။ သူက စစ်ကြောင်းနဲ့ မပါသွားဘဲ မူးပြီးကျန်ခဲ့တာဗျ။ ရိုက်လည်း မရိုက်ပါဘူး၊ နှိပ်လည်း မနှိပ်စက်ပါဘူး။ ဒီတိုင်းပဲ ဧည့်ခံထားတယ်ဗျ။ ရေလည်းချိုးခိုင်းပါတယ်ဗျ။ စားသောက်ဖွယ်ရာ အပြည့်အစုံနဲ့ ထားပါတယ်ဗျ။”
အခုလိုပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလော မသိရသေးပါဘူး။