တပ်မတော်ထိုးစစ်တွေ ရပ်တံ့ပေးဖို့ ရှမ်းလူထုအဖွဲ့ ၃ဝ နီးပါး တောင်းဆို


2015.11.06
shan-refugees-620.jpg ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ဒုက္ခသည်တချို့ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ရစဉ်
Photo: Kan Thar/ RFA

အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/ SSA တို့ ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်ထဲက ကျေးရွာတွေနားမှာ တိုက်ပွဲတွေဖြစ် ပွားနေတဲ့အတွက် ဒုက္ခသည်တွေ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေကြရတာကြောင့် တိုက်ပွဲတွေ ရပ်တန့်ကြဖို့ ရှမ်းပြည်နယ်လူမှုအဖွဲ့အစည်းတွေက ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက် ပါကြတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံတိုင်းရင်းသား ၆ ထောင်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး နေထိုင်စားသောက်ရေးအတွက် စိုးရိမ်နေကြရတယ် လို့  မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်က ကိုစိုင်းဆိုင်မိန်းက ပြောပါတယ်။

"အဓိကကတော့ လူမှုဒုက္ခတွေကိုပိုခံစားလာရတာပေါ့နော်၊ စစ်ဘေးရှောင်တွေပိုပြီးစိုးရိမ်တာကတော့ နေရေး၊ ထိုင်ရေးပေါ့၊ လူ ၆ဝဝဝ ကျော်ဆိုတာလည်း မလွယ်ဘူးလေနော်၊ စားဖို့၊ သောက်ဖို့၊ အဓိကစိုးရိမ်တာကတော့ အိမ်မပြန်နိုင်မှာကိုပေါ့၊ ဘာလို့လဲဆိုတော့ လယ်စပါး၊ ယာစပါးရိတ်သိမ်းတဲ့အချိန်၊ အဲ့ဒါတွေက ဒီတိုင်းပစ်ထားရတယ်ဆိုတော့ စိုးရိမ်တာပေါ့၊ ကျွဲ၊ နွားတိရစ္ဆာန်တွေဝင်ပြီးဖျက်ဆီးမှာလည်း စိုးရိမ်တယ်၊ အချိန်လွန်မှာလည်းစိုးရိမ်တယ်"

အခုချိန်မှာဆိုရင် မိုင်းရှူး၊ မိုင်းနောင်၊ တန့်ယန်းနဲ့ ကျေးသီးမြို့နယ်က ရွာပေါင်း ၂၂ ရွာက ဒေသခံ ၆၀၀၀ ကျော်လောက်ထဲမှာ အမျိုးသမီးတွေနဲ့ သက်ကြီး ရွယ်အိုတွေ အများစုဖြစ်တယ်လို့လည်း သိရပါတယ်။

အစိုးရတပ်မတော်ကနေ ထိုးစစ်ဆင်နေတာတွေကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး အကြီးစား စီမံကိန်းဖြစ်တဲ့ ရေကာတာဆောက်လုပ်ရေးတွေ၊ သဘာဝသယံဇာတ ထုတ်လုပ်တာတွေကိုပါ ရပ်ဆိုင်းပေးဖို့ အဲဒီတောင်းဆိုချက်မှာ ပါရှိပါတယ်။

အဲဒီတောင်းဆိုချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်၊ ရှမ်းပြည်နယ်လူငယ်များကွန်ရက်ကော်မတီ၊ ရှမ်းပြည်နယ်လယ်သမားများ ကွန်ရက်တို့ အပါအဝင် ရှမ်းလူမှုအဖွဲ့အစည်း ၃၀ နီးပါးက စုပေါင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အခုလို ရှမ်းပြည်နယ်မှာ အစိုးရက ထိုးစစ်ဆင်တိုက်ခိုက်မုှတွေ ရပ်တန့်ပေးဖို့နဲ့ စစ်ဘေးဒုက္ခသည် ဒေသခံပြည်သူတွေ နေရပ်ပြန်လည်နေထိုင်နိုင်ဖို့အတွက် ရှမ်းလူထုအခြေပြုအဖွဲ့အစည်းတွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာ ကောင်စစ်ဝန်ရုံးနဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးတွေထံ အိတ်ဖွင့်ပေးစာ သွားရောက် ပေးအပ်ခဲ့ရာမှာ မြန်မာကောင်စစ်ဝန်ရုံးက လက်မခံခဲ့ဘူးလို့ သိရပါတယ်။

ဒီအိတ်ဖွင့်ပေးစာကို မြန်မာကောင်စစ်ဝန်ရုံးက လက်ခံဖို့ ငြင်းဆန်ခဲ့တာဖြစ်ကြောင်း ရှမ်းလူထုအခြေပြုအဖွဲ့ ၂၇ ဖွဲ့ကိုယ်စားသွားရောက်ပေးအပ်ခဲ့တဲ့ ရှမ်းအမျိုး သမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN အဖွဲ့က နန်းယိင်းဟန်ဖ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။