ချောင်းတူရွာခံ ၂၇၀ ကျော် ထွက်ပြေး


2019.02.11
kyauktaw-refugees-622.jpg ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာအနီးမှာ ရက္ခိုင့်တပ်မတော် (AA) နဲ့ အစိုးရတပ်မတော်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချောင်းတူရွာခံ ၂၇၀ ကျော်ဟာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာကို ထွက်ပြေးရောက်ရှိနေကြပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နဲ့ ဆွေမျိုးတွေရှိတဲ့ အခြားကျေးရွာတွေဆီကို ထွက်ပြေးနေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ်တွေကို တပ်မတော်နဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက် စိစစ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာနဲ့ ၆ ဖာလုံခန့်လောက်အကွာမှာ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ မနေ့က နေ့လယ် ၂ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီတိုက်ပွဲဟာ အချိန် ၁ နာရီခန့်ကြာအောင် ဖြစ်ပွားခဲ့တယ်လို့ AA က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် လူဦးရေ ၂၇၀ ကျော်ဟာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာကို မနေ့က ထွက်ပြေးရောက်ရှိလာကြတာဖြစ်ပါတယ်။

"လက်နက်သံကြားတာနဲ့ ဟိုပြေးဒီပြေး ပြေးရတာပေါ့။ ကြုံရာကို ဖြစ်သလိုပြေးကြရတာ။ အဝတ်အစားပါသူပါ၊ မပါသူ မပါနဲ့ ကျွန်တော်ဆိုရင်လည်း ဘာမှမပါလာဘူး။ မြေးလေးတစ်ယောက်ကို ဆွဲပြီးတော့ ပြေးလာတာပါ"

ချောင်းတူကျေးရွာကနေပြီး မနေ့ကထွက်ပြေးလာတဲ့ ဦးမြင့်မောင်က ပြောသွားတာပါ။

ကျေးရွာသားတွေဟာ ကျောက်တော်မြို့အပြင် မြတ်လှဲ၊ ငပြောက်ဆည်၊ သဲတော်၊ ဂဏန်းတောင်၊ ပြင်လှရှည်၊ အောင်ဆိပ်၊ ပြိန်းချောင်း အစရှိတဲ့ ဆွေမျိုးတွေရှိတဲ့နေရာတွေဆီကိုလည်း အသီးသီး ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

အဲဒီအထဲက ယိုးတရုပ် ကျေးရွာကိုတော့ လူဦးရေ အများဆုံး ထွက်ပြေးရောက်ရှိလာကြတာဖြစ်ပြီး အခြားနေရာတွေဆီကို ထွက်ပြေးသွားကြတဲ့ လူအရေအတွက်ကိုတော့ မသိရသေးပါဘူး။

ယိုးတရုပ်ကျေးရွာကို ထွက်ပြေးလာကြသူတွေထဲမှာ ကျောင်းသားတွေလည်း အတော်များများ ပါဝင်ပြီး အသေးစိတ် အချက်အလက်ကိုတော့ ကောက်ယူနေဆဲဖြစ်တယ်လို့ ယိုးတရုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အခုအချိန်ဟာ ကလေးတွေကို စာမေးပွဲစစ်ဆေးနေတဲ့အချိန် ဖြစ်တာကြောင့် ချောင်းတူကျေးရွာ အုပ်ချုပ်ရေးမှူးက ကလေးတွေ စာမေးပွဲစစ်ဖို့အတွက် ရွာကိုပြန်လာဖို့ပြောနေပေမယ့် ထွက်ပြေးတိမ်းရှောင်လာသူတွေကတော့ ရွာပြန်ဖို့ ငြင်းဆန်နေကြတယ်လို့ သိရပါတယ်။

ဘာကြောင့် ရွာမပြန်ချင်တာလဲလို့ မေးကြည့်တော့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ချောင်းတူရွာခံ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်မဌေးဝင်းက အခုလိုပြောပါတယ်။

"စစ်သားတွေရှိနေတော့ ကလေးမိဘတွေက သူတို့ကို စာမေးပွဲ မဖြေစေချင်ဘူးပေါ့နော်။ သူတို့က သေနတ်တွေနဲ့ဆိုတော့ စစ်ဆေးခံရမှာ ကြောက်တယ်။ ပစ်သတ်မှာကို ကြောက်တယ်။ အဲဒါကိုကြောက်လို့ စာမေးပွဲမစစ်ရဲတာပါ"

ချောင်းတူကျေးရွာမှာ အိမ်ခြေ ၃၀၀ ခန့်ရှိပြီး သက်ကြီးရွယ်အိုနဲ့ လူငယ် ၂၀ ကျော်ခန့်သာ ရွာစောင့်အဖြစ် ကျန်ရစ်ခဲ့တယ်လို့လည်း ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသူတွေကို ယိုးတရုပ်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ယာယီနေရာချထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ယိုးတရုပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းက အခုလိုပြောပါတယ်။

"အခုလောလောဆယ်တော့ အဆင်ပြေနေပါတယ်။ ရေရှည်မှာတော့ မပြောပြတတ်ပါဘူး ဘယ်လိုစီစဉ်ရမလဲဆိုတာကို။ သူတို့ကတော့ အေးချမ်းရင် အခုပြန်မယ်လို့ ပြောပါတယ်။ ရပ်ရွာအခြေအနေ မအေးချမ်းဘူးဆိုရင် ဆက်နေရမယ့် အတိုင်းအတာကိုတော့ ဆုံးဖြတ်လို့မရဘူးလို့ ပြောကြပါတယ်"

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးက ဦးစီးအရာရှိ ဦးရဲမင်းဦးက တိုက်ပွဲရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။

"ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ခရိုင်သုံးခုမှာရှိတဲ့ တိုက်ပွဲရှောင်ပြည်သူတွေ အတွက် တစ်လစာ သိန်းပေါင်း ၄၀၀ ကျော် ထပ်ပြီး ထောက်ပံ့ထားတာရှိပါတယ်။ နေရပ်ကို မပြန်နိုင် သေးဘူး၊ လောလောဆယ် ယာယီခိုလှုံနေတဲ့နေရာမှာ ရှိနေသေးတယ်ဆိုရင်တော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ မူအရ နှုန်းထားအရ ထပ်ပြီးတော့ ထောက်ပံ့ကူညီမှုတွေ ဆက်လုပ်နေရမှာဖြစ် ပါတယ်"

မနေ့က ချောင်းတူကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အစိုးရတပ်ဘက်က ကျဆုံးတာတွေများခဲ့ပြီး အေအေဘက်ကတော့ တစ်ဦးကျဆုံးခဲ့တယ်လို့ AA ဘက်က မနေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ရာမှာ အသေးစိတ်ကို မသိရသေးကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ ရှိနိုင်ကြောင်း ပြောပါတယ်။

မနေ့က ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒေသခံတွေကတော့ ကိုယ့်ဒေသမှာ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် တိုက်ပွဲတွေ ရပ်ဆိုင်းပေးစေလိုတယ်လို့ ပြောကြပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက်ဟာ လူဦးရေ ၇ထောင် ကျော်ရှိနေပြီလို့ ဒေသတွင်းအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။