မြန်မာကုမ္ပဏီ တီထွင်တဲ့ ဓာတ်သင်ပုန်း အမေရိကန်ပြပွဲမှာ ပြသ
2023.04.02

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်နားက မေရီလန်းပြည်နယ် Gaylord National Convention Center မှာ Navy League က ကြီးမှူးကျင်းပတဲ့ ခြောက်ကြိမ်မြောက် STEM expo ပြပွဲမှာ မြန်မာပိုင် 360ed ကုမ္ပဏီက တီထွင်တဲ့ ပညာရေးသင်ထောက်ကူ ပစ္စည်းတွေ ခင်းကျင်းပြသပါတယ်။
ဒီပြပွဲဟာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာဘာသာရပ်တွေကို စိတ်ဝင်စားတဲ့ ၅ တန်းက ၁၂ တန်း ကျောင်းသားတွေနဲ့ မိဘတွေ လာရောက်ကြည့်ရှုတဲ့ ပွဲလည်းဖြစ်ပါတယ်။
တိုးတက်တဲ့ နည်းပညာရပ်ဆိုင်ရာပစ္စည်းတွေ၊ သင်ထောက်ကူပစ္စည်းတွေ ခင်းကျင်းပြသပြီး ပြည်ပကဆိုလို့ 360ed ကုမ္ပဏီလောက်ပဲ ရှိတယ်လို့ 360ed ကုမ္ပဏီ တည်ထောင်တဲ့ ပညာရေးသင်ထောက်ကူ ဓာတ်သင်ပုန်းတီထွင်သူ မလှလှဝင်းက RFA ကို ပြောပါတယ်။
STEM expo ပြပွဲကို ကမကထလုပ် ခင်းကျင်းပြသတဲ့ Navy League ဟာ အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့ ဖြစ်ပြီး ၁၉၀၂ ခုနှစ်ကတည်းက တည်ထောင်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
အမေရိကန် ရေတပ်၊ ကမ်းတက်တပ်၊ ကမ်းရိုးတန်းစောင့်တပ်နဲ့ အမေရိကန်အလံလွှင့်ထူတဲ့ ကုန်သင်္ဘော စတဲ့ အမေရိကန်ပင်လယ်ရေကြောင်း ဝန်ဆောင်လုပ်ငန်းတွေကို ပညာပေးနဲ့ အကျိုးဆောင်ပေးနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
ဒါကြောင့် ဒီပြပွဲကို အလယ်တန်းနဲ့အထက်တန်းကျောင်းသားလေးတွေက ရေတပ်ဝတ်စုံနဲ့ လာရောက် ကြည့်ရှုတဲ့ အကြောင်း၊ ကလေးတွေကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးပြီး ဝါသနာပါရာကို လေ့လာခွင့်ပေးတဲ့ ပြပွဲဖြစ်ကြောင်း မလှလှဝင်းက ပြောပါတယ်။