ခါမ်းပါတ်မြို့ တိုက်ပွဲကြားက မိဘမဲ့ကလေး ၃၆ ဦးကို ဘေးလွတ်ရာကယ်ထုတ်
2023.12.12

တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ မိဘမဲ့ဂေဟာတစ်ခုမှာ ပိတ်မိနေတဲ့ ကလေး ၃၆ ဦးနဲ့ ဆရာ လေးဦးကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီကလေးတွေနဲ့ သူတို့ကို စောင့်ရှောက်ပေးနေတဲ့ ဆရာ လေးဦးဟာ ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းရဲ့ မိဘမဲ့ဂေဟာက ဖြစ်ပါတယ်။ အဲဒီဂေဟာအနီးက တောင်ကုန်းပေါ်မှာ ရဲစခန်းနဲ့ စစ်ကောင်စီရဲ့ ယာယီတပ်စခန်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လက စခန်းကိုလက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မိဘမဲ့ဂေဟာကို အကာအကွယ်ယူပြီး ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် လေကြောင်းကပါ အဆက်မပြတ် တိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေနဲ့ ဆရာတွေအားလုံး ဘေးလွတ်ရာ ထွက်မပြေးနိုင်ဘဲ ပိတ်မိနေခဲ့တာလို့ ဆိုပါတယ်။
မနေ့ကတော့ အဲဒီမိဘမဲ့ဂေဟာက ဆရာတွေနဲ့ ကလေးအားလုံးကို ဘေးလွတ်ရာကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ခါမ်းပါတ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ဒီဇင်ဘာ ၁၂ ရက် ဒီနေ့ ပြောပါတယ်။
"အဲဒီဂေဟာက စစ်တပ်ကုန်းအနီးမှာ ရှိတာ။ အဲဒီဂေဟာကို အကာအကွယ်ယူပြီး လူသားဒိုင်းကာလုပ်ပြီး စစ်ကောင်စီက သူတို့ရဲ့ တပ်ကုန်းကို နေရာပြန်ယူခဲ့တယ်။ အဲဒီ မိဘမဲ့ဂေဟာက ကလေးတွေရော၊ လူကြီးတွေရော ထွက်ပြေးဖို့ ကြိုးစားပေမယ့် မရခဲ့ဘူး။ ဒါကြောင့် သူတို့ကို မနေ့က ၁၂ နာရီခန့်မှာ ကျွန်တော်တို့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ပါတယ်။ အခု သူတို့ လုံခြုံတဲ့နေရာကို ရောက်နေပါပြီ"
အိန္ဒိယ-မြန်မာနယ်စပ်အနီးက ခါမ်းပါတ်မြို့မှာ အောက်တိုဘာလကုန်ပိုင်းကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေက မြို့ကို သိမ်းယူနိုင်ခဲ့ပါတယ်။
တစ်လနီးပါးအကြာ ဒီဇင်ဘာ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်က မြို့ကို ပြန်သိမ်းနိုင်ဖို့အတွက် ထိုးစစ်ဆင်လာပြီး ဒီနေ့အထိ တိုက်ပွဲတွေဖြစ်နေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တိုက်ပွဲပိုပြင်းထန်လာပြီး မိဘမဲ့ဂေဟာအနီးက ခါမ်းပါတ်မြို့ ရဲစခန်းတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဲဒီဂေဟာမှာ ကလေးတွေ ပိတ်မိနေခဲ့တာလို့ ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ခါမ်းပါတ်မြို့မှာ ဒီဇင်ဘာ ၁၂ ရက် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်ရပ်ကွက် လေးခုနဲ့ အနီးအနားကျေးရွာတွေက လူဦးရေ ငါးထောင်နီးပါး အိန္ဒိယနယ်စပ်အပါအဝင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခါမ်းပါတ်အနီးက တမူးမြို့မှာလည်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်နေတာကြောင့် ဘေးကင်းလုံခြုံတဲ့နေရာ ရှားပါးခက်ခဲတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။