မြစ်ကမ်းပါးထိန်းသိမ်းရေး ကျပ် ၃ဘီလီယံကျော် သုံးစွဲမည်


2016.10.14
flooding-sagaing-620 စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကျေးရွာတချို့ ရေဖုံးလွှမ်းနေတာကို သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရေလွှမ်းမိုးမှုဒဏ်ကို နှစ်တိုင်းလိုလိုခံနေရတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ခရိုင် ၈ ခုမှာ မြစ်ကမ်းပါး ထိန်း သိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် တိုင်းအစိုးရရဲ့ရန်ပုံငွေ ကျပ် ၃.၄ ဘီလီယံနီးပါး သုံးစွဲသွားမယ်လို့ စစ်ကိုင်းတိုင်း ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြောပါတယ်။

ကမ်းပြိုနေတဲ့နေရာတွေက ရာနဲ့ချီပြီးရှိနေပေမယ့် ဘတ်ဂျက်အခြေအနေကြောင့် အရေးကြီးတဲ့နေရာ ၃၃ ခုမှာ ပဲ ရေထိန်းနံရံတွေ၊ တမံတွေ တည်ဆောက်ပေးသွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ရေအရင်းအမြစ်နဲ့ မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဖုန်းကျော်စိန် က ပြောပါတယ်။

" ၃.၄ ဘီလီယံနီးပါးပေါ့နော်။ ခရိုင် ၈ ခုမှာ ၃၃ ခု၊ နံရံတို့၊ တမံတို့ ဒါမျိုးတွေလုပ်ပေးရမှာ၊ ပြိုနေ တာတွေက အခုက ရာနဲ့ချီပြီးတော့ရှိတယ်၊ ပိုက်ဆံကသုံးတဲ့ဌာနတွေက အများကြီးဆိုတော့ ဒီလိုပဲ မျှပေးတာ၊ ပထမဦးစားပေးတွေထဲကနေ အရေးအကြီးဆုံးဟာကို ရွေးချယ်ပြီးလုပ်ရမှာမို့လို့ ၊ နောက်အရေးပေါ် ၃ ခုနဲ့ ၃၆ ခု၊ အရေးပေါ်ဆိုတာက ဆိုးဆိုးဝါးဝါးပြိုတာတွေ ဖြစ်လာရင် အရေးပေါ်သုံးနိုင်အောင်လို့ အရေးပေါ်ဆိုတဲ့ ခေါင်းစဉ်နဲ့ တောင်းထားတာ"

မြစ်ကြောင်းထိန်းသိမ်းရေးကို စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ ကသာ၊ ခန္တီး၊ စစ်ကိုင်း၊ မုံရွာ၊ မော်လိုက်၊ ယင်းမာပင်နဲ့ ရွှေဘို စတဲ့ ခရိုင် ၈ ခရိုင်ရှိ မြစ်ကမ်းပါးတွေက ကမ်းပြိုမှုတွေကို ကာကွယ်ထိန်းသိမ်းရေးတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ရေထိန်းနံရံနဲ့ တမံ ၁၃ ခုကို အစိုးရသစ်ရဲ့ ရက် ၁၀၀ အတွင်းမှာ တည်ဆောက်ပေးခဲ့ပြီး ဖြစ်သလို ကျန်တဲ့နေရာတွေကိုလည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အပြီးသတ် ဆောက်လုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ချင်းတွင်းမြစ်တလျှောက် ရေလမ်းကောင်းမွန်ရေးအတွက် ပြည်ထောင်စုအစိုးရ ရန်ပုံငွေထဲက ငွေ ကျပ်သန်း ၁၇၀ ကိုအသုံးပြုပြီး ချင်းတွင်းဝ-မုံရွာအပိုင်း၊ မုံရွာ-မင်းကင်းအပိုင်းနဲ့ မင်းကင်း-မော်လိုက်အပိုင်း စတဲ့နေရာတွေမှာ ရေလွှဲရေကာတွေ တည်ဆောက်ပေးဖို့လည်း ရှိတယ်လို့ ဦးဖုန်းကျော်စိန် က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ လူဦးရေ ၂ သောင်းကျော် ရေဘေးဒဏ်ခံခဲ့ရပြီး ရေတိုက်စားမှုဒဏ်တွေကြောင့် မြစ်ကမ်းပါးတွေ ပြိုကျပျက်စီးတာတွေ လည်း ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။