ကချင်လူငယ် ၃ ဦး အာမခံရရှိ


2018.12.10
kachin-activists-622.jpg တရားစွဲဆိုခံရတဲ့ ကချင်လူငယ် ၃ ဦး မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင် နဲ့ ကိုဆိုင်းခွမ်အောင် (ဝဲမှ ယာသို့) တို့ကို ၂၀၁၈၊ ဒီဇင်ဘာ ၁၀ ရက်နေ့က မြစ်ကြီးနားမြို့နယ်တရားရုံးမှာ တွေ့ရစဉ်
Photo: Elizabeth/ RFA

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံရတဲ့ ကချင်လူငယ် ၃ ဦး ကို ဒီနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ စတင်စစ်ဆေးပြီး အာမခံ ပေးလိုက်ပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေး ဆန္ဒပြ တောင်းဆိုခဲ့သူ ၃ ဦး ကို ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် မကျေနပ်လို့ တရားရုံးကနေ မနောကွင်းအထိ လမ်းလျှောက် ဆန္ဒပြခဲ့သူတွေထဲက ကချင်လူငယ် ၃ ဦးကို မြစ်ကြီးနားမြို့နယ် ရဲမှူးက တရားလိုလုပ်ပြီး ပုဒ်မ ၁၉ နဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။

တရားစွဲဆိုခံရတဲ့ ကချင်လူငယ် ၃ ဦး က မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင် နဲ့ ကိုဆိုင်းခွမ်အောင် ဖြစ်ပါတယ်။

တိုက်ပွဲတွေတွင်း ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေး ဆန္ဒပြတောင်းဆိုသူတွေကို အသရေဖျက်မှုနဲ့ ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် မတရားဘူးလို့ ယူဆတဲ့အတွက် ဆန္ဒပြတောင်းဆိုတာလို့ တရားစွဲဆိုခံရသူ ကိုဘရန်မိုင် က ဒီနေ့ တရားရုံးချိန်းအပြီးမှာ RFA ကို ပြောပါတယ်။

"ထောင်ချတယ် ဒဏ်ငွေချတယ်ဆိုတာ မတရားဘူးလို့ ကျနော်က ယူဆပါတယ်။ အခုလိုလုပ်တယ်ဆိုတာ ကျနော်တို့ ပြည်သူလူထုအတွက်။ ကျနော်တို့ နိုင်ငံရေးမပြောဘူး။ ကျနော်တို့ target  ကတော့ ပိတ်မိတဲ့ ပြည်သူလူထု လွတ်မြောက်ဖို့ပေါ့။ အဲဒီအပေါ်မှာ စာနာပြီးလုပ်တာ"

အဲဒီလို ဆန္ဒပြဖို့အတွက် သက်ဆိုင်ရာဌာနကို ခွင့်ပြုချက်မတင်ဘဲ ဆန္ဒထုတ်ဖော် စီတန်းလမ်းလျှောက်ခဲ့တာကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့  တရားစွဲတင်တာလို့ တရားလိုဖြစ်တဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်မိုး က ပြောပါတယ်။

"၃ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အပေါ်မှာ ပြစ်ဒဏ်ပြင်းထန်တယ်ဆိုတဲ့ အနေအထားအပေါ်မှာ ကျေနပ်မှုမရှိတဲ့အတွက် မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင် နဲ့ ကိုဆိုင်းခွမ်အောင် တို့က ဦးဆောင်ပြီး သက်ဆိုင်ရာဌာနတွေကို ခွင့်ပြုချက်မတင်ဘဲ ဆန္ဒထုတ်ဖော် စီတန်းလမ်းလျှောက်ခဲ့တဲ့အတွက် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ အရ အရေးယူပြီး တရားစွဲတင်တာဖြစ်ပါတယ်"

ဒီနေ့ ပထမဆုံး ရုံးချိန်းမှာတော့ သူတို့ ၃ ဦးကို  ဂျော်မဆတ် စစ်ရှောင်စခန်းက  စစ်ဘေးဒုက္ခသည် ၄ ဦးက အာမခံတာဖြစ်ပါတယ်။

ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ လူငယ် ၃ ဦးဟာ မှန်ကန်တဲ့အတွက် အာမခံတာဖြစ်တယ်လို့ ဂျော်မဆတ် စစ်ရှောင်စခန်း အသင်းတော်က ဒေါ်နန်အောင် က RFA ကို ပြောပါတယ်။

"ဒီလူငယ်တွေက ရုံးချိန်းရက်တွေမှာ ထွက်ပြေးမယ့်လူတွေ မဟုတ်ဘူး ချုပ်ထားစရာမလိုဘူး မှန်ကန်တယ်ဆိုတာ ကျမတို့ ရဲရဲတင်းတင်း အာမခံရဲတယ်"

လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ အာမခံပေးတဲ့လူ ၄ ဦး ကို စတင်စစ်ဆေးမှာဖြစ်ပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကယ်တင်နိုင်ရေးအတွက် အခုနှစ် ဧပြီလကုန်လောက်က မြစ်ကြီးနားမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ရာမှာ ဦးဆောင်ခဲ့တဲ့ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ ၃ ဦးကို  မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်းစီ အသီးသီးကျခံဖို့ ဒီဇင်ဘာလ ၇ရက်နေ့က အမိန့်ချခဲ့တာဖြစ်ပါတယ်။

အဲဒီအမိန့်ကို မကျေနပ်တဲ့အတွက် ဒီလူယ် ၃ ဦး နဲ့အတူ  စစ်ဘေးရှောင်စခန်းက  ပြည်သူ ၅၀ ခန့်ဟာ ဒီဇင်ဘာ ၇ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ဒုက္ခသည်အရေး ဆန္ဒပြတောင်းဆိုသူတွေအပေါ် အရေးယူဖမ်းဆီးတာ တရားစွဲဆိုတာတွေနဲ့ ပတ်သက်လို့ ကချင် အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာသံရုံးတွေက ကြေညာချက်တွေ အသီးသီးထုတ်ပြန်ပြီး ကန့်ကွက်ခဲ့ကြပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။