ဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့်ရေး ဒုနိုင်ငံခြားရေးဝန်ကြီး လာရောက်ဆွေးနွေး

မြန်မာအစိုးရ ဒုတိယ-နိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော် ဦးဆောင်ပြီး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ ပါဝင်တဲ့အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် အတွင်းရှိ ဘုရားသုံးဆူမြို့ကို မနေ့ကရောက်ရှိလာပြီး ထိုင်း-မြန်မာနယ်စပ် တိုင်းထွာရေး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်ပြန်ဖွင့်ရေး၊ သံဖြူဇရပ်-ဘုရားသုံးဆူ ကားလမ်း ဖောက်လုပ်ရေးတို့အတွက် ဌာနဆိုင်ရာ များ၊ ရပ်မိရပ်ဖများနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

2013.02.08

ဒုဝန်ကြီးနဲ့အဖွဲ့ဟာ မနေ့နေ့လည်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေး တက်ရောက်ခဲ့တဲ့ ရပ်မိရပ်ဖတစ်ဦးက ဝန်ကြီးနဲ့အဖွဲ့ဟာ ဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့်ဖို့အတွက် ကနဦး လာရောက် လေ့လာတဲ့ သဘော ဖြစ်တယ်လို့ အခုလိုပြောပါတယ်။

“နယ်စပ်စခန်းဖွင့်ဖို့အခြေအနေလာကြည့်တယ်၊ကုန်သွယ်ရေးဇုန်ဖွင့်ဖို့အခြေအနေလာကြည့်တယ်၊ နောက်သူတို့က ပြည်နယ်ဝန်ကြီးချုပ်ကိုတင်ပြမယ်၊နောက် ပြည်ထောင်စု လွှတ်တော်ထဲ အဆိုတင်သွင်းမယ် ပြောတယ်ခင်ဗျ၊ ကားလမ်း ရထားလမ်းဖောက်ဖို့ ရပ်မိရပ်ဖတွေက ပြန်မေးတဲ့အခါ အတိအကျ ဖြစ်အောင် လုပ်မယ် လို့တော့ပြောတယ်၊နယ်စပ်စည်းမျည်း သတ်မှတ်ရေးပေါ့၊အဲဒါတွေ သူတို့အထက်ကို တင်ပြမယ်၊အထက်ကို တင်ပြပြီးတော့ ကျနော်တို့ ဒီမှာ ကုန်သွယ်ရေး စခန်းတောင် ဖွင့်မယ်လို့ ကြားတယ်”

ဒီအစည်းအဝေးကို ကရင်ပြည်နယ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးမျိုးအောင်ထွေး၊ ပြည်နယ်ရဲမင်းကြီး ဦးစိန်လွင်နဲ့ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးများနဲ့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ ဝန်ထမ်း ၂၂ ဦး၊ ဘုရားသုံးဆူ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနဲ့ ရပ်မိရပ်ဖ ၅ ဦးစီ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာဘက်ခြမ်း ကရင်ပြည်နယ်က ဘုရားသုံးဆူမြို့နဲ့ ကပ်လျှက် ထိုင်းနိုင်ငံ စံခရဘူရီနယ်စပ် မြို့ဂိတ်ကို ၂၀၀၉ ခုနှစ်ကတည်းက မြန်မာစစ်ဗျူဟာမှူး အမိန့်နဲ့ ပိတ်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ပြည်နယ်လဝက ညွှန်ကြားရေးမှူး ဦးထင်ဝင်း ဘုရားသုံးဆူမြို့ကို ရောက်ရှိခဲ့ပြီး ၂၀၁၄ခုနှစ်မှာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် နိုင်ငံရေးပါတီများ၊ ရပ်မိရပ်ဖများနဲ့ လာရောက်တွေ့ဆုံပြီး ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းခဲ့သေးတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။