လူကုန်ကူးသူလို့ သံသယရှိတဲ့ မြန်မာ ၃ ယောက်ကို မလေးရှား ဖမ်းဆီး
2018.12.10
မလေးရှားနိုင်ငံ ပီနန်းကျွန်းမှာ လူကုန်ကူးသူလို့ သံသယရှိတဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို မလေးရှား ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
လူကုန်ကူးသူလို့ ယူဆရတဲ့ မြန်မာနိုင်ငံသား ၃ ယောက်ထဲမှာ အမျိုးသမီးတစ်ဦးလည်း ပါဝင်ပြီး လူကုန်ကူးခံရတဲ့ မြန်မာအလုပ်သမား ၁၉ ယောက်ကို ထပ်မံဖမ်းမိထားတဲ့အကြောင်း မလေးရှား ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်တယ်လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမား ကူညီမှုအဖွဲ့အစည်းက ဦးချစ်ကောင်းက ပြောပါတယ်။
လူကုန်ကူးသူလို့ ယူဆရတဲ့ ၃ ယောက်ကိုတော့ မလေးရှားနိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမှာဖြစ်ပြီး ပြစ်ဒဏ်ကတော့ ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
မြန်မာအလုပ်သမား ၁၉ ယောက်ကတော့ တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိတာကြောင့် လူဝင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး ထောင်ဒဏ် အနည်းဆုံး ၃ လကနေ ၆ လအထိ ချမှတ်ခံရနိုင်တယ်လို့ ဦးချစ်ကောင်းက ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။