ပုလဲမြို့နယ် မင်းတိုင်ပင်ရွာ စီးနင်းခံရပြီး ဒေသခံ သုံးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မင်းတိုင်ပင်ရွာကို ဖေဖော်ဝါရီလ ၃ ရက် မနေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရွာသားသုံးဦး အသတ်ခံရသလို နေအိမ်တွေက အဖိုးတန်ပစ္စည်းတွေကိုလည်း ဒီနေ့အထိ ကားတွေနဲ့သယ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၆၀ အရွယ် ဦးဖိုးထူး အပါအဝင် အမျိုးသား သုံးဦး ဖြစ်တယ်လို့ မင်းတိုင်ပင်ရွာခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ကိုဖိုးထူးက အင်းကန်ရွာသား။ ဒါပေမဲ့ ကျနော်တို့ မင်းတိုင်ပင်မှာ အနေများတယ်။ သူ အပါအဝင် သုံးယောက် အသတ်ခံရတာ။ ရွာအနောက်ပိုင်းက သစ်စက်ရှေ့မှာ မနေ့က မီးရှို့အသတ်ခံရတာ”
စစ်ကောင်စီတပ်သားတွေဟာ မနေ့မနက်က ပစ်ခတ်ဝင်ရောက်ပြီးနောက် ရွာသားတချို့ ကိုလည်း ရွာ စာသင်ကျောင်းထဲမှာ ဖမ်းဆီးရိုက်နှက် စစ်ဆေးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ရွာထဲက နေအိမ်တွေ၊ ရွှေဆိုင်တွေ နဲ့ စတိုးဆိုင်တွေက ပစ္စည်းတွေကို မနေ့က ညနေပိုင်းကစလို့ ဒီနေ့မနက်ထိ ကားကြီး၊ ကားငယ်တွေနဲ့ အကြိမ်ကြိမ် သယ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဌေး ဆီစက်ဆိုရင် ကျနော်တို့ရွာရဲ့ အကြီးဆုံးပေါ့ဗျာ။ အထည်ဆိုင်ကြီးပေါ့။ အဲဒါကို သူတို့က Faw ကားတွေနဲ့ ဖင်ထိုးပြီး ပစ္စည်းတွေတင်နေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၄ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာစာသင်ကျောင်းမှာ ဖမ်းထားတဲ့ ရွာသားတွေအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီး အဲဒီရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ ကိုင်းတွင်းရွာဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။