ရေစကြိုမြို့မှာ နှစ်ပတ်အတွင်း နုတ်ထွက်တဲ့ အုပ်ချုပ်ရေးမှူး ၄၄ ဦးအထိရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲမှာ လက်ရှိအချိန်အထိ တရားဝင် နုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူး ၄၄ ဦး ရှိပြီလို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက RFA ကို ပြောပါတယ်။
မအူအောက်ဆိပ်ရွာ၊ ပရိမ်သာရွာ၊ ဝါယာရွာနဲ့ မြေစွန်းတော်ရွာ စတဲ့ ရွာ ၃၆ ရွာနဲ့ ရပ်ကွက် ရှစ်ခုရဲ့ အုပ်ချုပ်ရေးမှူးတွေ တရားဝင် နုတ်ထွက်ကြတာဖြစ်ပြီး အချို့တွေ ရွာကနေ ရှောင်သွားကြသလို အချို့ ကတော့ စစ်ကောင်စီရဲ့ ခလရ (၂၅၆) နဲ့ (၂၅၇) တပ်ထဲကို မိသားစုလိုက် ပြောင်းသွားကြတယ်လို့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ထောက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေအားလုံး စက်တင်ဘာလ ၃၀ ရက် နေ့ နောက်ဆုံးထား နုတ်ထွက်ကြဖို့နဲ့ ပျက်ကွက်ခဲ့ရင် ချေမှုန်းသွားမယ်လို့ ရေစကြို ပြည်သူ့ ကာကွယ်ရေးတပ်က စက်တင်ဘာ ၂၄ ရက်မှာ စာထုတ်ပြန်ခဲ့တာပါ။
အဲဒီနောက်ပိုင်း နုတ်ထွက်စာတင်တဲ့ အုပ်ချုပ်ရေးမှူးအချို့ ရှိလာပေမယ့် အောက်တိုဘာ ၁ ရက်နေ့က သာစည်ရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းလင်း အသတ်ခံခဲ့ရပြီးနောက်မှာတော့ အစုလိုက်အပြုံလိုက် နုတ်ထွက် ခဲ့ကြတာ ၆ ရက်နေ့ မနေ့ကအထိ ၄၄ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။
ရေစကြိုမြို့နယ်ထဲမှာ မြို့ပေါ်ရပ်ကွက် ရှစ်ခုနဲ့ ကျေးရွာအုပ်စု ၈၁ ခု ရှိပါတယ်။