နှစ်ဖက်တိုက်ပွဲ တစ်နှစ်အတွင်း ၄၆ ဦး သေဆုံးကြောင်း မင်းတပ် CDF ပြော
ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းဒေသကာကွယ်ရေးတပ် (မင်းတပ် CDF) တို့အကြား တိုက်ပွဲတွေကြောင့် တစ်နှစ်အတွင်းမှာ မင်းတပ် CDF ဘက်က ၄၆ ဦး သေဆုံးခဲ့တယ်လို့ မင်းတပ် CDF ရဲ့ သတင်းပြန်ကြားရေးက RFA ကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိတဲ့ တပ်ဖွဲ့ဝင် အရေအတွက်ကိုတော့ စာရင်းပြုစုနေဆဲဖြစ်တယ်လို့လည်း မင်းတပ် CDF က ဆိုပါတယ်။
မင်းတပ်မြို့ဟာ ချင်းပြည်နယ်တစ်ခုလုံးမှာ ပြီခဲ့တဲ့ ၂၀၂၁ ဧပြီလကစပြီး စစ်ကောင်စီ တပ်သားတွေကို တူမီးသေနတ်နဲ့ စတင်ခုခံတော်လှန်တိုက်ခိုက်ခဲ့တဲ့ ပထမဆုံးမြို့လည်း ဖြစ်ပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေနဲ့ စစ်ကောင်စီတပ်သားတွေ ထိတွေ့တိုက်ပွဲ တွေ ဖြစ်ခဲ့တာကြောင့် မင်းတပ်မြို့ကို ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့ကတည်းက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်လာပြီလည်း ဖြစ်ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြောင့် တစ်မြို့လုံးနီးပါး ထွက်ပြေးနေကြရပြီး လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည် ၁၅,၀၀၀ ကျော်ရှိတယ်လို့ မင်းတပ်စစ်ဘေးရှောင် ကူညီပေးနေတဲ့ အဖွဲ့က ပြောပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့ဘက်က မင်းတပ်ဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်တာ၊ ချုံခိုတိုက်ခိုက်ခဲ့တာတွေကြောင့် စစ်ကားအစီးရေ ၂၀ ထက်မနည်း ပျက်စီးခဲ့ပြီး သေဆုံးတာတွေလည်း များတယ်လို့ မင်းတပ် CDF ကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
မင်းတပ်အပါအဝင် ချင်းပြည်နယ်က နှစ်ဖက်တိုက်ပွဲ တစ်နှစ်တာအတွင်း စစ်ကောင်စီ တပ်သားတွေရဲ့ ထိခိုက်သေဆုံးမှုကို သိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ထံ ဆက်သွယ်နေပေမယ့် ဒီနေ့ ညနေပိုင်းအထိ ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။