ဖာပွန်ခရိုင်မှာ လက်နက်ကြီးကျည်ကြောင့် အရပ်သားလေးဦး ဒဏ်ရာရ

2022.04.14
ဖာပွန်ခရိုင်မှာ လက်နက်ကြီးကျည်ကြောင့် အရပ်သားလေးဦး ဒဏ်ရာရ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊ ထိုခေးလိုရွာမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည်စတွေကို တွေ့ရစဉ်
Photo: Citizen Journalist

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဘူးသိုမြို့နယ်ထဲက ထိုခေးလိုရွာထဲကို စစ်ကောင်စီတပ်က ဧပြီလ ၁၃ ရက် မနေ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးနှစ်ဦး အပါအဝင် အရပ်သား လေးဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) က ထုတ်ပြန်ပါတယ်။

မထောရွာမှာ အခြေစိုက်ထားတဲ့ ခမရ (၄၀၈) နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေက မနေ့ မနက် ၁၁ နာရီခွဲလောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အသက် ၁၁ နှစ်အရွယ် နော်မူးကလယ်၊ အသက် ၁၁ နှစ်အရွယ် နော်ကူးဖော၊ အသက် ၃၃ နှစ်အရွယ် စောကျော်ဃယ်နဲ့ အသက် ၆၁ နှစ်အရွယ် နော်ပူတို့ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့ ညနေပိုင်းမှာလည်း ထိုခေးလိုရွာနဲ့ နိုဖောထီးရွာတွေကိုပဲ လက်နက်ကြီးနဲ့ ထပ်မံ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ပြီး နွားခြောက်ကောင် သေဆုံးခဲ့တယ် လို့လည်း ပါရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဧပြီလ ၁၃ ရက် မနေ့မှာပဲ ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြို့မရဲစခန်းကို ဒရုန်းနဲ့ ဗုံးပစ်တိုက်ခိုက်ခံရမှု ရှိခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိ၊ မရှိတော့ တိတိကျကျ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။