မြဝတီ-ဘားအံလမ်း လက်နက်ကြီး ပစ်ခတ်မှု ခရီးသည် ၄ ဦး သေဆုံး
2014.10.11

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဒီကနေ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကြောင့် မြဝတီ-ဘားအံလမ်း အလယ်ဗိုလ်တဲမှာ ခရီးသည်တင်ယဉ်တစ်စီးကိုထိမှန်ပြီး လူ ၄ ဦး သေဆုံး သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒီနေ့ဟာ မြဝတီကနေ ဘားအံကို ကားအဆင်းနေ့ဖြစ်ပြီး DKBA အဖွဲ့က မည်သူကို့ရည်ရွယ်ပစ်ခတ်မှန်းတော့ မသိရသေးဘူးလို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးနိုင်မောင်ဇော်က RFA ကိုပြောပါတယ်။
"ဒီနေ့ ၁၁ နာရီ ၁၅ အချိန်မှာ မြဝတီကနေ ဘားအံဖက် ကိုဆင်းလာတဲ့ ခရီးသည်တင်ယာဉ်တန်းကို DKBA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လိုက်တာ အလယ်ဗိုလ်တဲဈေးဆိုင်တန်းနေရာမှာ ကျပြီးတော့မှ ခရီးသည်ကား သွားထိတဲ့အချိန်မှာ ကားပေါ်မှာပါတဲ့ ကျား ၄ ဦး သေဆုံးသွားတယ်၊ နောက်ရဟန်း ၁ ပါး ဒဏ်ရာရတယ်၊ ကျား ၆ ဦး မ ၂ ဦး ဒဏ်ရာရတယ်"
DKBA အဖွဲ့က သိမ်းယူထားတဲ့ မြန်မာ့တပ်မတော်ပိုင် လက်နက်တွေကို ဒုတိယဗိုလ်ချုပ်ကြီး စောမူဆေး က ကော့ကရိတ်မြို့ရှိ စခရ ၁၂ စစ်ကွပ်ကဲရေးဌာနမှာ မြန်မာစစ်တပ်အရာရှိတွေကို ပြန်လည်အပ်နှံခဲ့ ပြီး နောက်တစ်နေ့မှာပဲ အခုလို ပစ်ခတ်မှှုဖြစ်ပွားခဲ့တာပါ။
မြဝတီမြို့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံ အခြေစိုက်ရာဒေသဖြစ်ပြီး အစိုးရစစ်တပ်နဲ့ ဒီကေဘီအေတပ်တွေဟာ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနဲ့ ကျိုက်မရောစတဲ့ မြို့တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလလောက်ကစပြီး တိုက်ခိုက်နေကြတာဖြစ်ပါတယ်။
ကရင်ပြည်နယ် မြဝတီ-ဘားအံလမ်းမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ပတ်သက်လို့ DKBA ကလိုထူးဘော အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။