မြေပုံမြို့နယ်ပစ်ခတ်မှုမှာ ကလေးနှစ်ဦး အပါအဝင် ဒေသခံလေးဦး သေဆုံး
2020.09.08
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ညောင်ခက်ကန်ကျေးရွာကို စက်တင်ဘာ ၈ ရက်နေ့ ဒီနေ့မနက်က လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာကြောင့် ဒေသခံ လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသွားတဲ့ထဲမှာ ငါးနှစ်အရွယ် ကလေး နှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။
အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်အစပ် တပ်မတော် စခန်းချထားတဲ့ နေရာဘက်ကနေ လှမ်းပစ်တဲ့ လက်နက်ကြီးကျည် ခြောက်လုံး ညောင်ခက်ကန်ရွာထဲကို ဒီနေ့မနက် ၁၀ နာရီလောက်မှာ ကျရောက်ခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။
လက်နက်ကြီး ကျည်ပေါက်ကွဲမှုကြောင့် ကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၉ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်မိုးသက်နဲ့ အသက် ၅ နှစ်အရွယ် သမီးဖြစ်သူ မသူသူဟိန်း၊ အသက် ၂၇ နှစ်အရွယ် ဦချမ်းငြိမ်းသူ၊ အသက် ၅ နှစ်အရွယ် မောင်သူရအောင်တို့ ကျည်စထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒဏ်ရာရသူလည်း ရှစ်ဦးရှိတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရသူ နှစ်ဦးပါဝင်တယ်လို့ တိုက်ပွဲဒဏ်သင့်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကမ်းထောင့်ကြီး စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးဝင်းလှအောင် က ပြောပါတယ်။
"သေဆုံးသူ လေးယောက် ဒဏ်ရာရတဲ့သူ ရှစ်ယောက် နှစ်ယောက်က စိုးရိမ်ရတယ်။ ဦးခေါင်းကို ထိသွားတာပါ။ ဒဏ်ရာရတဲ့သူတွေကို ကမ်းထောင့်ကြီးဆေးရုံကို ပို့နေရပါတယ်။ တရွာလုံး ပြေးနေကြပါတယ်ခင်ဗျ"
တပ်မတော်စခန်းဘက်က ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ညောင်ခက်ကန် ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"အခုတိုက်ပွဲဖြစ်တာမဟုတ်ပါ။ သူတို့ရမ်းသမ်းပစ်တာ ပစ်တာက သူပုန် AA ဘက်က လက်နက်ကြီးမရှိဘူး။ တပ်မတော်ဘက်မှာပဲ လက်နက်ကြီးရှိတာ အဲက ပစ်တယ် ထင်တာပဲ။ ပစ်တာက ဆက်တိုက်ပစ်တာ။ အကုန်လုံး လက်နက်ကြီးတွေပဲ။ သေတာလည်း သေကုန်ကြပြီ၊ လေးယောက်ရှိတယ် သေတာ။ တစ်ရွာလုံး ထွက်ပြေးနေကြတယ် နီးစပ်ရာ ကမ်းထောင့်ကြီးဘက်ကို။"
လက်ရှိမှာ ကျေးရွာက ဒေသခံ တစ်ထောင်ကျော်လောက်ဟာ ကမ်းထောင့်ကြီး စစ်ဘေးဒုက္ခသည်စခန်းကို ထွက်ပြေးနေကြပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ညောင်ခက်ကန် ကျေးရွာသားတွေ ထိခိုက်၊ သေဆုံး ဒဏ်ရာရတာနဲ့ ပတ်သက်တဲ့ အခြေအနေကို သူ့အနေနဲ့ မသိရသေးကြောင်းသာ ပြောပါတယ်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း ညောင်ခက်ကန်ရွာထဲကို ဒီနေ့မနက်က လက်နက်ကြီး ကျတာကြောင့် ထိခိုက်သေဆုံးတာတွေဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အလျင်အမြန် ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုက အန္တရာယ်ရှိပေမယ့် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်ခံရမှာကို ဒေသခံတွေမှာ ပိုကြောက်နေရတယ်လို့ ဦးဖေသန်းက ပြောပါတယ်။
"အကုန်လုံးကို ကြောက်နေရတယ်။ ရောဂါက သေဆုံးမှုမရှိပေမယ့် ကူးစက်မှုမြန်တဲ့အခါ အကုန်လုံးကို ဟိုမသွားရ၊ ဒီမသွားရဆိုတော့ စားဝတ်နေရေး ကျပ်တည်းနေကြတယ်။ ဒါပေမဲ့ လူတော့မသေဘူး။ ဒါပေမဲ့ အမြှောက်ကျည်ဆံတွေ ခဏခဏ ရွာထဲကို ပစ်တာကြတော့ မိနစ်ပိုင်းအတွင်း လူတွေ ဆုံးရှုံးနေရတယ်။ အဲဒါလည်း နေ့တိုင်းလိုလို ဖြစ်နေတဲ့အခါကြတော့ ကိုဗစ်ထက် ကြောက်နေရတယ်။ ကိုဗစ်က ကာကွယ်လို့ ရပေမယ့် စစ်ပွဲတွေက ကာကွယ်လို့ မရဘူး။"
ရခိုင်ဒေသ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေး ဦးစီးချုပ်တို့ကို စက်တင်ဘာ ၅ ရက်နေ့ နေ့စွဲနဲ့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ထားပါတယ်။
ပြည်သူများ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ပျက်စီးဆုံးရှုံးနစ်နာအောင် ချေမှုန်းတိုက်ခိုက်နေတဲ့ တပ်မတော်ရဲ့ စစ်ရေးနည်းဗျူဟာကို အမြန်ဆုံး ရပ်တန့်ပေးဖို့ အဲဒီစာထဲမှာ တောင်းဆိုထားပါတယ်။
ဒေသတွင်း လူထုထောက်ခံမှု များပြားတဲ့ ရခိုင်အမျိုးသားပါတီရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ဘက်က တုံ့ပြန်ခြင်း မရှိသေးပါဘူး။
အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်လို့ ပေးစာထဲမှာ စွပ်စွဲ ထားပါတယ်။
ရခိုင်လူမျိုးတွေနဲ့ ကျေးရွာသားတွေအပေါ်မှာ တပ်မတော်က တမင်ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှုတွေ ကျူးလွန် နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့တော့ တပ်မတော်အနေနဲ့ အရပ်သားပြည်သူတွေအပေါ် တမင် သက်သက် တိုက်ခိုက်တာမျိုးမရှိကြောင်း၊ ကျေးရွာတွေကို အခြေပြုပြီး တိုက်ပွဲဖော်ဆောင်တာ ရှောင်ရှားဖို့နဲ့ အရပ်သားတွေကို အကာကွယ်ယူတိုက်ခိုက်တာမျိုး AA အနေနဲ့ ရှောင်ရှားဖို့လိုကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အရင်က RFA ကို မကြာခဏ ဖြေကြားထားပါတယ်။
စက်တင်ဘာ ၃ ရက်နေ့က တပ်မတော်နဲ့ AA တို့ကြား တိုက်ပွဲတွေကြောင့် ဘုရားပေါင်း၊ တောင်ပေါက်ကျေးရွာ တို့မှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့သလို အိမ်ခြေအများအပြား မီးလောင်သွားပြီး အရပ်သားတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတယ်လို့ ကုလသမဂ္ဂက ဒီကနေ့ ထုတ်ပြန်ပါတယ်။
“ရခိုင်ပြည်နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာသေးခင်က ပိုများလာတာကို စိုးရိမ်စွာနဲ့ စောင့်ကြည့်လျက် ရှိပါတယ်” လို့ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ အိုလာ လလ်မ်ဂရမ်က ပြောပါတယ်။
ကုလသမဂ္ဂအနေနဲ့ ပါဝင်သူအားလုံးကို နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လေးစားဖို့၊ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးဖို့၊ အကျိုးသက်ရောက်မှု ခံစားနေရတဲ့နေရာတွေကို လူသားချင်း စာနာမှုဆိုင်ရာ ပံ့ပိုးမှုတွေ ပေးခွင့်ပြုဖို့နဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်တုံ့ပြန်ရေး ကြိုးပမ်းမှုလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ တကမ္ဘာလုံး အပစ်အခတ်ရပ်စဲထားဖို့ အထွေထွေအတွင်းရေးမှူးချုပ်က ပန်ကြားထားတာကို အလေးထားဖို့ တိုက်တွန်းတယ်လို့ သူက ဆက်ပြောပါတယ်။
RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင်ဘာလကနေ စက်တင်ဘာ ၅ ရက်နေ့အထိ စစ်ရေးနဲ့ဆက်နွယ်ပြီး သေဆုံးတဲ့ အရပ်သား ၂၈၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၆၃၀ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။