ရှမ်းပြည်နယ်အတွင်း ထိုးစစ်ကြောင့် ဒေသခံ ၄ ဦးသေဆုံးကြောင်း ထုတ်ပြန်


2014.10.10
army_post_305_z.jpg ရှေ့တန်း စစ်စခန်းတစ်ခုတွင် အစိုးရတပ်ဖွဲ့က စစ်သားများ ကို တွေ့ရစဉ်
Photo: AFP

အစိုးရစစ်တပ်က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကို ဒီလအတွင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ တာကြောင့် ရှမ်းပြည်နယ်အလယ်ပိုင်းနဲ့ တောင်ပိုင်း က ဒေသခံ ၄ ဦး သေဆုံးပြီး ရွာလုံးကျွတ်ထွက်ပြေးနေ ကြရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ဒီကနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

လတ်တလောမှာ ပစ်ခတ်တာတွေ မရှိပေမဲ့ အစိုးရ စစ်တပ်က အင်အားဖြည့်တင်းနေတာကြောင့် ဒေ သခံတွေက ကြောက်လန့်နေကြတယ်လို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် ပြောရေးဆိုခွင့်ရှိသူ နန်းခွမ်လိတ် က ပြောပါတယ်။

"အခုလက်ရှိဖြစ်တဲ့တိုက်ပွဲကြောင့် ဝမ်ဖူးလန်က ရွာသားတွေအကုန်လုံး ထွက်ပြေးနေရတယ်၊ အနီးအနားရွာတွေမှာ ခိုလှုံနေရတယ်၊ တချို့တောတွေထဲမှာ ခိုလှုံနေတယ်လို့ ကြားတယ်ရှင့်၊ ၁၅ ရက်နေ့ နောက်ပိုင်းမှာတော့ စစ်ပွဲသံတော့ မကြားရသေးဘူး၊ ဒါပေမဲ့ မြန်မာစစ်တပ်က တပ်အင်အားတွေ ဖြည့်တင်းနေတယ်၊ နောင်ချိုဖက်ကနေပြီးတော့ မှ တောင်ကြီး၊ နမ့်စမ် ဖက်ကနေပြီးတော့မှ တပ်အင်အားတွေ ထပ်ဖြည့်နေတယ်၊ ဒေသခံရွာသားတွေက အချိန်မရွေးဖြစ်နိုင်တယ်ဆိုပြီး အရမ်းပဲကြောက်လန့်ကြတယ်"

ဒီလ ၂ ရက်နေ့ကနေ  ၄ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျေးသီးနဲ့ တန့်ယန်းမြို့နယ် တွေက တာဖောင်ဆောင်၊ ဝမ့်ဝပ်နဲ့ နောင်ဆွမ်းကျေးရွာအုပ်စုတွေက ဒေသခံ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ ကြေညာချက်မှာ အစိုးရတပ်သားတွေက ဒေသခံတွေကို ရိုက်နှက်တာတွေ ပစ္စည်းလုယက်တာတွေ ရှိခဲ့ကြောင်းနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နယ်မြေအတွင်းကနေ အစိုးရတပ်တွေ ထွက်ခွာပေးဖို့ တောင်းဆိုကြောင်း ဖေါ်ပြထားပါတယ်။

ရှမ်းပြည်နယ် တန့်ယန်းမြို့နယ်မှာ အစိုးရစစ်တပ်က တပ်စွဲထားပြီး SSPP/SSA အဖွဲ့ကို ဒေသခံတွေက ရိက္ခာထောက်ပံ့နိုင်ခြင်းမရှိအောင် ဘက်ထရီ၊ ဖယောင်းတိုင်၊ ဆား၊ ဟင်းချိုမှုံ့နဲ့ စားသုံးဆီ စတဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ကျယ်ကျယ်ပျံ့ပျံ့ ရောင်းဝယ်သယ်ဆောင်ခြင်း မပြုလုပ်နိုင်အောင် တားမြစ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။