ကောလင်းမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ငါးလောင်း တွေ့ရှိ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကိုးတန်း ကျောင်းသား တစ်ဦး အပါအဝင် ဒေသခံပြည်သူ ငါးဦးရဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မှာ တွေ့ရှိခဲ့ရတယ်လို့ ကောလင်းမြို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ပင်လှရွာအနီး၊ ဝါးကြီးတောလမ်းဆုံအနီးနဲ့ ရှမ်းကလုံးရွာတို့မှာ စုစုပေါင်း ရုပ်အလောင်း ငါးလောင်းကို တွေ့ရှိခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တိုက်ပွဲတွေက အခုလ ၈ ရက်နေ့လောက်ကတည်းက ဖြစ်နေတာ။ အဲဒီမှာ ဒေသခံတွေပါ သတ်ခံရတာ တွေ ရှိတယ်။ အလောင်းတွေဆို လက်ပြန်ကြိုးတုပ်ပြီး မှောက်လျက်ကြီးတွေ၊ မိုင်းထောင်ထားခဲ့မှာ ကြောက်လို့ သွားတောင် မယူရဲကြဘူး။ ရှမ်းကလုံးရွာမှာ ကိုးတန်းကျောင်းသား တစ်ယောက်အပါအဝင် သုံးယောက် သတ်ခံရတယ်။ သေနတ်နဲ့ ပစ်သတ်သွားတာ၊ အခုတွေ့တယ်ဆိုတဲ့ ငါးလောင်းက သေချာ သိတာတွေပေါ့၊ ကျန်တဲ့ ဖုန်းလိုင်းမမိတဲ့ဒေသတွေ ရှိသေးတယ်။ အဲဒီဘက်မှာလည်း သတ်ခံခဲ့ရတဲ့သူတွေ ရှိတယ်"
အဲဒီရုပ်အလောင်း ငါးလောင်းထဲမှာ ဆိုင်ကယ်နဲ့ ဈေးလှည့်ရောင်းတဲ့ ဈေးသည်တစ်ယောက်လည်း ပါတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီသတ်ဖြတ်မှုကို စစ်ကောင်စီတပ်သားတွေက ကျူးလွန်တာဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောဆိုပေမယ့် စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား မနေ့ကအထိ သရက်ချဉ်ကျေးရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး ဒီနေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကောလင်းမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ KIA က ပူးပေါင်း ပါဝင်ပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတာလို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ကောလင်းမြို့နယ်မှာ စစ်ကောင်စီအင်အားတွေ ထပ်တိုးချထားပြီး ယခင်က ခြေရင်းတောင်နဲ့ ဝါးကြီးတော လမ်းဆုံ အနီးမှာသာ စစ်တပ်အင်အားချထားတာရှိပေမယ့် မနေ့ကတော့ မောဟတောင်အနီးမှာပါ စစ်တပ်တွေ ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းနားအုပ်စု၊ ဥက္ကံရွာအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကို လက်နက် ကြီးနဲ့ ပစ်ခတ်ရာမှာ အချင်းချင်းကြား ကျရောက်ခဲ့တဲ့ စစ်သား ၁၅ ယောက် သေဆုံးခဲ့ပြီး ချောင်းနား တိုက်နယ်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ မနေ့က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကောလင်းမြို့နယ်ကို စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ အခုဆိုရင် အချိန် နှစ်လခန့် ကြာမြင့်နေပြီဖြစ်ပါတယ်။