ကြာအင်းဆိပ်ကြီးမှာ ဒေသခံငါးဦး အသတ်ခံရကြောင်း နဂါးနီစစ်ကြောင်းပြော
2023.01.16
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်တိုက်ဖြစ်နေပြီး ဒေသခံ ငါးဦးကိုလည်း စစ်ကောင်စီတပ်သားတွေ ပစ်သတ်သွားတယ်လို့ KNLA နဲ့ ပူးပေါင်း တိုက်နေတဲ့ နဂါးနီစစ်ကြောင်း ပြောခွင့်ရသူက RFA ကို ပြောပါတယ်။
"အလယ်ရွာ တစ်ယောက်၊ ကျွန်းဝိုင်းမှာ နှစ်ယောက်၊ သမိန်လစ်မှာက တစ်ယောက် စုစုပေါင်း ငါးယောက် အသတ်ခံရတယ်။ ဝင်ဝင်လာချင်း ကျနော်တို့ရဲ့ဂိတ်စခန်းကို သူတို့ မီးရှို့သွားတယ်။ အလယ်ရွာတို့၊ နတ်ချောင်းဖျားတွေဘက်ကို လျှောက်ပတ်တယ်။ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ သူတို့တပ်စွဲတယ်။ စုစုပေါင်း အသတ်ခံရ တာက ငါးယောက်လောက်ရှိတယ်"
ဒေသခံတွေကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်ပစ်သတ်ခဲ့တာလို့ တော်လှန်ရေး အဖွဲ့တွေဘက်ကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူ။
ဒါ့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ လက်ရှိတိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဒေသခံတွေနဲ့ ဆက်သွယ်ရေး ခက်ခဲတာကြောင့် သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်ကိုတော့ RFA အနေနဲ့ တိတိကျကျ မသိရသေးပါဘူး။
ကြာအင်းဆိပ်ကြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်စစ်ကြောင်းဟာ အရပ်သားတွေကို လူသားတံတိုင်းပုံစံခေါ်ဆောင်ပြီး ဝင်လာတာကြောင့် တော်လှန်ရေး အင်အားစုတွေဘက်က ပြည်သူတွေနဲ့ ရွာတွေကို မထိစေချင်တာကြောင့် နောက်ဆုတ်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။
ရွာတွေနဲ့ဝေးတဲ့ နေရာတွေမှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျဆုံးရှိခဲ့လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
တိုက်ပွဲတွေကြောင့် လက်ရှိ ရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေး နေရသလို နောက်ထပ်ရွာတွေ ဆက်တိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
KNU ဗဟိုရဲ့ ဇန်နဝါရီလ ၇ ရက်နေ့ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဒူးပလာယာခရိုင် KNU တပ်မဟာ (၆) နယ်မြေထဲ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီး အလုံး ၁၂၅ ကျော် ကျရောက်ခဲ့တာကြောင့် ဦးဇင်းနှစ်ပါး ပျံလွန်တော်မှုပြီး ဦးဇင်းလေးပါး၊ ကိုရင်တစ်ပါး၊ အသက် ၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး အပါအဝင် ၁၃ ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။