ရွေးကောက်ပွဲကာလ စုဝေးဟောပြောခွင့်ကို လူဦးရေ ၅၀ အထိ ခွင့်ပြု
2020.09.06

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းကို မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လူဦးရေ ၅၀ အထိ စုဝေးဟောပြောခွင့် ပြုလိုက်ပါတယ်။
တဆက်တည်းမှာပဲ ကျန်းမာရေးဝန်ကြီးဌာနက ကပ်ဘေးကာလအတွင်း လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး ရှေ့၊ နောက်၊ ဝဲ၊ ယာ အနည်းဆုံး ၆ ပေစီခွာပြီး နေရာချထားဖို့၊ လေဝင်လေထွက်ကောင်းတဲ့နေရာမှာသာ ဆောင်ရွက်ဖို့နဲ့ အစိုးရကထုတ်ပြန်ထားတဲ့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကို လိုက်နာဖို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာကနေ တစ်ဆင့် ကြေညာလိုက်ပါတယ်။
လူတစ်ဦးနဲ့ တစ်ဦးကြား ၆ ပေကွာနေရာချထားဖို့ သတ်မှတ်ထားတဲ့အတွက် အများပြည်သူပိုင် အဆောက်အအုံနဲ့ အများပြည်သူပိုင်နေရာတွေမဟုတ်ဘဲ ပုဂ္ဂလိကပိုင်နေရာမျိုးမှာ လူစုလူဝေးနဲ့ ဆောင်ရွက်နိုင်ဖို့ဆိုတာ မဖြစ်နိုင် ဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ထောက်ပြပါတယ်။
တဘက်မှာလည်း မဲဆွယ်စည်းရုံးမှုတွေလုပ်ဆောင်ရာမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ဘာသာရေး အဆောက် အအုံတွေမှာ အစည်းအဝေး လုပ်ဆောင်ခွင့်မရှိဘူးလို့ ကော်မရှင်က အသိပေးထားပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာဆိုရင် လူငယ်ဓမ္မာရုံလို အဆောက်အအုံတွေ ရွာတိုင်းလိုလိုမှာရှိပြီး ဒီအဆောက်အအုံ တွေဟာ လူမှုရေးလုပ်ငန်းတွေမှာ အသုံးပြုတာဖြစ်ကြောင်းနဲ့ အခုလို ကန့်သတ်လိုက်တာမှာ ဒီလိုအဆောက် အအုံတွေ ပါမပါ တိတိကျကျ သိရဖို့လိုအပ်တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မနက်ဖြန် စက်တင်ဘာလ ၈ ရက်နေ့ကနေ ရွေးကောက်ပွဲမကျင်းပခင် တစ်ရက်အလို နိုဝင်ဘာလ ၆ ရက်နေ့ ညအထိ မဲဆွယ်စည်းရုံးခွင့်ရရှိမှာ ဖြစ်ပါတယ်။