ဝါးခယ်မမြို့ သရွက်မြိုက်တံတားအနီး ရိုဟင်ဂျာ ၅၆ ဦး အဖမ်းခံရ

ဧရာဝတီတိုင်း ဝါးခယ်မမြို့ သရွက်မြိုက်တံတားအနီးမှာ ဩဂုတ်လ ၂၁ ရက်နေ့က စက်လှေတစ်စင်းနဲ့အတူ ပါလာတဲ့ ရိုဟင်ဂျာ ၅၆ ဦးကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လိုက်ပို့ပေးတဲ့ စက်လှေမောင်းသူနဲ့ အပေါင်းအပါတွေကိုပါ ဖမ်းမိခဲ့ပြီး ဆက်လက်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။
“သတင်းရလို့ စက်လှေကို စောင့်ဖမ်းတာပါ။ အမျိုးသား ၃၉ ဦး၊ အမျိုးသမီးနဲ့ ကလေး ၂၆ ဦး စုစုပေါင်း ၅၆ ဦး ပါလာတယ်။ ကျန်တာတော့ ပြောပိုင်ခွင့်မရှိဘူး”
ဒီရိုဟင်ဂျာတွေက ရန်ကုန်ကနေတစ်ဆင့် မလေးရှားနိုင်ငံကိုသွားဖို့ လာကြသူတွေဖြစ်ပြီး လက်ရှိ ရန်ကုန်ဘက်အသွားမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
သူတို့ဟာ ဘယ်မြို့နယ်က ထွက်ခွာလာကြသူတွေလည်း ဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နဲ့ ရေကြည်မြို့နယ်အကြားမှာ ရိုဟင်ဂျာ ၃၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရပါတယ်။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ဥသျှစ်ပင်မြို့မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့က တညင်းသီးတင်လာတဲ့ ကုန်ကားပေါ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့ကနေ မလေးရှားနိုင်ငံကို သွားကြမယ့် ရိုဟင်ဂျာ ၃၀ ဦးကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခဲ့ပါတယ်။