ရန်ကုန်မှာ လူငယ်ခြောက်ဦး ထောင်တစ်သက်ချခံရ

RFA Burmese
2023.01.19
ရန်ကုန်မှာ လူငယ်ခြောက်ဦး ထောင်တစ်သက်ချခံရ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ ထွက်လာသည့် အချုပ်ကားတစ်စီးကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့မှာ တွေ့ရစဉ်။
RFA

ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်တချို့က မိုင်တဲ (Mytel) တာဝါတိုင်တွေ အပါအဝင် ရဲစခန်း၊ လျှပ်စစ်ဓာတ်အားခွဲရုံနဲ့ ကေတီဗီ (KTV) တွေကို ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ်ခြောက်ဦး အင်းစိန်ထောင်တွင်း တရားရုံးက မကြာသေးခင်က ထောင်တစ်သက် ချမှတ်ခံခဲ့ရပြီး နောက်ထပ် လွတ်မြောက်နယ်မြေတွေမှာ သင်တန်း တက်ခဲ့တဲ့ လူငယ်နှစ်ဦးလည်း ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံရတယ်လို့ အဲဒီလူငယ်တွေနဲ့ နီးစပ်သူ တွေက RFA ကို ဒီနေ့ပြောပါတယ်။

“ဒီလူတွေ ရှစ်ဦး အဖမ်းခံရတယ်ဆိုတာ ဟုတ်ပါတယ်။ အမိန့်ချတာ သိထားတာတော့ လွန်ခဲ့တဲ့ သုံးရက်လောက်ကလို့ သိထားရတယ်။ သူတို့တွေ အဖမ်းခံရတာ ၁၁ လပိုင်း ကမှ အဖမ်းခံရတာ။ အမိန့်ချတာလည်း အရမ်းကြီးကို မြန်လွန်အားကြီးတယ်” လို့ ထောင်ချခံရတဲ့ လူငယ်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀(ဈ) နဲ့ ထောင်ဒဏ် တစ်သက်ချမှတ်ခံရသူ လူငယ်ခြောက်ဦးထဲက ကိုတည်ငြိမ်ခန့် (ခေါ်) ဝဠာ၊ ကိုအောင်မျိုးဝင်း (ခေါ်) ဆံရှည်နဲ့ ကိုထက်အာကာ (ခေါ်) နိုင်နိုင်ဝင်းတို့ သုံးဦးဟာ မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလော့မှတ်တိုင် အနီးက ထွန်းဆိုင်ကယ် Show Room အရောင်းဆိုင်နဲ့ ခရေပင်လမ်းခွဲက မင်္ဂလာဒုံ မြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ပေါက်တိုက်ခိုက်မှုအပြင် အင်းစိန်အကျဉ်းထောင် အနောက်ဘက်ခြမ်းက လုံခြုံရေးဂိတ်ကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ချမှတ်ခံရတာလို့ဆိုပါတယ်။

နောက်ထပ် ကိုသဲဦးပိုင် (ခေါ်) သုတဟိန်း (ခေါ်) နွေဦးနဲ့ ကိုကျော်သီဟ (ခေါ်) ကောင်းကင် (ခေါ်) K2 တို့ နှစ်ဦးကတော့ လှိုင်သာယာမြို့နယ် BOC ကားမှတ်တိုင်အနီးက မိုင်တဲ (Mytel) တာဝါတိုင်နဲ့ (၁၁) ကွေ့က မိုင်တဲ ( Mytel) တာဝါတိုင်ကို ဖောက်ခွဲမှု၊ ဒဂုံဧရာ အဝေးပြေးကားဝန်းရှေ့၊ မြစိမ်းရောင်အိမ်ယာဝင်းအတွင်းက အနော်ရထာခန်းမ ကိုလည်း လက်လုပ် မိုင်းနဲ့ဖောက်ခွဲမှု၊ မှော်ဘီဓာတ်အားခွဲရုံ၊ ကြက်ဖြူကန်ဓာတ်အားခွဲရုံနဲ့ (၁၀) မိုင် ဓာတ်အားခွဲရုံတွေကို ဖောက်ခွဲဖျက်ဆီးဖို့ ကြံစည်မှုစတဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် တစ်သက်ချမှတ် ခံရတာလို့လည်း ပြောပါတယ်။

ကျန်တစ်ဦးဖြစ်တဲ့ ကိုဆန်းလင်းထွဋ် (ခေါ်) ဆန်းကြီးကတော့ Good Luck KTV ဆိုင် လက်ဆေးဘေစင်အောက်မှာ အသံမိုင်း ၁ လုံးထောင်တာ၊ ရွှေမြင့်မိုရ် ဘီယာဆိုင်ပိုင်ရှင်ရဲ့ Double Cap ကားကို လက်လုပ် ချိန်ကိုက်ဗုံးနဲ့ ဖောက်ခွဲတာစတဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် တစ်သက်ချမှတ်ခံရတာလို့ဆိုပါတယ်။

နောက်ထပ် ကိုကောင်းထွဋ်နဲ့ ကိုရဲထက်ဇော် (ခေါ်) ငမဲ (ခေါ်) ငရဲ တို့နှစ်ဦးကို တောတွင်းတစ်နေရာမှာ စစ်ပညာ သင်ယူခဲ့တယ်လို့ဆိုပြီး ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံခဲ့ရတာလို့လည်း သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

သူတို့အားလုံးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အချိန်နှစ်လကျော်ခန့်အကြာ ပြီးခဲ့တဲ့ ရက်ပိုင်းက အမိန့်ချမှတ်ခံရတာလို့လည်းပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ၂၀၂၁ခု နှစ် ဖေဖော်ဝါရီလ ကနေ ၂၀၂၃ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ စာရင်းတွေအရ စစ်အာဏာ သိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ ဖမ်းဆီးခံရသူ ၁၃၆၀၇ ဦးရှိပြီး ထောင်ဒဏ်ချမှတ် ခံထားရသူ ၂၁၄၁ ဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။