ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တစ်ဦးကို ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်
2019.05.04

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုငြိမ်းချမ်းစိုးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ မေလ ၃ ရက်နေ့ မနေ့ညက အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။
ကိုငြိမ်းချမ်းစိုးရဲ့ အဖွားဖြစ်သူ နာရေးမှာ ကူညီပေးနေတဲ့အချိန် ဗိုလ်တစ်ထောင်ရဲစခန်းက ည ၁၁ နာရီလောက်မှာ လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနေ့မနက်မှာတော့ သိန်းတစ်ရာတန် အာမခံနဲ့ အာမခံရခဲ့တယ်လို့ ကိုငြိမ်းချမ်းစိုးက ပြောပါတယ်။
သြင်္ကန်ကာလအတွင်း ဗိုလ်တစ်ထောင်မြို့နယ် ၄၆ လမ်းမှာရှိတဲ့ ဗမာသစ် ဆုပေးမဏ္ဍပ်အနီးမှာ သံချပ်ဖျော်ဖြေခဲ့တာကြောင့် အခုလို အမှုဖွင့်တာဖြစ်တယ်လို့ ကိုငြိမ်းချမ်းစိုးကပြောပါတယ်။
ကိုငြိမ်းချမ်းစိုး အပါအဝင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်၊ မကေခိုင်ထွန်း၊ မဆုရတနာမြင့် စုစုပေါင်း ၇ ယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက ဗိုလ်တစ်ထောင်ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် မဆုရတနာမြင့်နဲ့ ကိုငြိမ်းချမ်းစိုး ကလွဲပြီး ကျန်တဲ့ ၅ ယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တရားစွဲဆိုထားတာကြောင့် ဖမ်းဆီခံထားရပြီး မရမ်းကုန်းတရားရုံးမှာ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့လိုက်တာပါ။