ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တရားစွဲရတဲ့ သက်သေခံချက်မူရင်းတွေ တင်ပြဖို့ တရားရုံးကို တောင်းဆို


2019.05.13
peacock-generation-622.jpg ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို မရမ်းကုန်းမြို့နယ် တရားရုံးမှာ ၂ဝ၁၉ ခုနှစ် မေလ ၁၃ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Aung Thain Kha/RFA

တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခဲ့ထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ဒီနေ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ဒီနေ့မှာတော့ တရားလိုဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်ကို စစ်ဆေးခဲ့ပါတယ်။


ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ သံချပ်တွေထဲက တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတဲ့ သံချပ်စာသားနဲ့ ဗီဒီယိုဖိုင် မူရင်းတွေကို သက်သေခံပစ္စည်း အနေနဲ့ နောက်တစ်ပတ်မှာ တင်သွင်းဖို့ တရားရုံးမှာ ပြောဆိုထားကြောင်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်စမ်းစမ်းမြင့်က ပြောပါတယ်။


တရာလိုဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က ဒီနေ့မှာလည်း သက်သေခံပစ္စည်းတွေကို တင်သွင်းခဲ့ပေမယ့် မိတ္တူတွေဖြစ်နေတာကြောင့် မူရင်းဗီဒီယိုဖိုင်နဲ့ စာဖိုင်တွေ တင်သွင်းဖို့ ပြောဆိုခဲ့တာဖြစ်ကြောင်းလည်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ ရှေ့နေဖြစ်တဲ့ ဦးအောင်စည်ထွန်းက ပြောပါတယ်။


ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ သြင်္ကန်ကာလအတွင်း ဖျော်ဖြေမှုတွေမှာ တပ်မတော်သားဝတ်စုံ ဝတ်ဆင်ကာ သရုပ်ပြခဲ့တဲ့ ပြကွက်တချို့ဟာ တပ်မတော်ကို အများပြည်သူ အထင်အမြင် လွဲမှားစေနိုင်တယ်ဆိုပြီး ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသားနဲ့ မကေခိုင်ထွန်းတို့ ၅ ယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတာဖြစ်ပါတယ်။


ဒါ့အပြင် သြင်္ကန်ကာလအတွင်း ဗိုလ်တထောင်မြို့နယ် ၄၆ လမ်းက ဗမာသစ် ဆုပေးမဏ္ဍပ်မှာ ဒေါင်းတို့မျိုးဆက်အဖွဲ့က သံချပ်ထိုးဖျော်ဖြေခဲ့တာကြောင့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသား၊ ကိုငြိမ်းချမ်းစိုး၊ မကေခိုင်ထွန်းနဲ့ မဆုရတနာမြင့် စုစုပေါင်း ၇ ယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက ဗိုလ်တစ်ထောင်ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ထားပါတယ်။


အလားတူ ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာ ဒေါင်းတို့မျိုးဆက် သံချပ်တစ်ဖွဲ့လုံးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်က တရားစွဲဆိုထားပါတယ်။


ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။