၆၇ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားတွေ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပ


2014.07.19
martyr-day-ygn-305 ဇူလိုင် ၁၉ ရက်နေ့မှာ ကျဆုံးသွားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေကို ရန်ကုန်မြို့ ပြည်သူလူထုတွေ ချီတက်ဂါရဝပြုစဉ်
Photo: Thiha Tun/RFA

၆၇ နှစ်မြောက် အာဇာနည်နေ့ကို ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင် ကြီးတွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ် မှာ မော်တော်ကားတွေ၊ မီးရထားတွေကနေ ဟွန်းတွေတီး၊ ဥသြတွေ ဆွဲကြတဲ့အခါ လမ်းပေါ်မှာ သွားလာနေတဲ့လူတွေကလည်း ချက်ချင်းငြိမ်သက် အလေးပြုကြတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က အာဇာနည်နေ့မြင်ကွင်းနဲ့ပတ်သက် လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုသက်ဦးက RFA ကိုအခုလိုပြောပါတယ်။

"နေရာတော်တော်များများမှာတော့ ကားဟွန်းတီးတဲ့ဟာတွေလုပ်တယ်၊ ဥသြဆွဲတဲ့ဟာတွေတော့ တချို့လုပ်ကြတယ်၊ မီးရထားတွေလုပ်တယ်၊ ဒီနှစ်က အားလုံးခြုံကြည့်မယ်ဆိုရင် ပြည်နယ်နဲ့ တိုင်းများမှာ တော်တော်လေးဒီကိစ္စတွေကို ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့နေရာတွေ၊ ဗိုလ်ချုပ်ပန်းခြံရှိတဲ့နေရာတွေမှာ အသီးသီးအခမ်းအနားတွေ လုပ်ကြတာကိုတွေ့ရတယ်"

မန္တလေးမြို့မှာလဲ မစိုးရိမ် ကံတက်ကုန်းကျောင်းတိုက်မှာ စာရေးဆရာတွေ၊ မြို့မိမြို့ဖပြည်သူတွေက အာဇာနည်နေ့အခန်းအနားကျင်းပသလို၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ အခြားအဖွဲ့အစည်းတွေက ချီတက်လမ်းလျှောက်ဂါရဝပြုပြီး ဗိုလ်ချုပ်ကျောက်ရုပ်မှာ လွမ်းသူ့ပန်းခွေ ချခဲ့ကြတယ်လို့ စာရေးဆရာ မင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

"၆၇ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမှာ မနှစ်ကထက်စာရင် ဒီနှစ် လူထုပါဝင်မှု ပိုအားကောင်းတယ်လို့ ပြောလို့ရတယ်၊ ကျနော်တို့ အလံပေါင်းစုံကို အလံတစ်ဝက်လွှင့်ထူပြီးတော့မှ ငြိမ်သက်စွာနဲ့ ချီတက်ကြပါတယ်၊ ဂါရဝပြုတယ်၊ အလေးပြုတယ်၊ ကားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို ဖွင့်ပြီးတော့ ချီတက်ပါတယ်၊ အလားတူပဲ ၉ နာရီမှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဦးဆောင်ပြီးတော့မှ ခွပ်ဒေါင်းအလံတွေနဲ့ ချီတက်ပါတယ်၊ တခြားနိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မြို့မိမြို့ဖတွေ၊ လူမှုကူညီရေးအသင်းတွေက မော်တော်ယာဉ်တွေနဲ့ ရောက်လာပြီးတော့ ဥသြဆွဲတယ်၊ အစိုးရအဖွဲ့အစည်းတွေလည်း ဒီနှစ်မှာပိုပြီးတော့ အပြည့်အစုံလုပ်တာတွေလည်း ကြားသိရပါတယ်"

အဲဒီလိုချီတက်လမ်းလျှောက်ရာမှာ ရဲတပ်ဖွဲ့က မေးမြန်းတားမြစ်တာရှိပေမယ့် နောက်ဆုံးမှာတော့ ပြေလည် သွားခဲ့တယ်လို့သိရပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး ဂါရဝပြုတဲ့အနေနဲ့ ချင်းမိုင်မြို့က ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ဆွမ်းကပ်လှူဒါန်းမှုတွေ လုပ်ခဲ့ကြပါတယ်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ပြည်မြို့အပါအဝင် မြို့ကြီးတော်တော်များများမှာ ဒီကနေ့ကျင်းပခဲ့တဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွေကို RFA သတင်းထောက် မရတနာဦး စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

၆၇ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ကောက်နှုတ်တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။