ဒီပဲယင်းက ဖမ်းဆီးခံ ဒေသခံခုနစ်ဦးကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေ တောင်းဆို

2021.08.13
ဒီပဲယင်းက ဖမ်းဆီးခံ ဒေသခံခုနစ်ဦးကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေ တောင်းဆို ဒီပဲယင်းမြို့နယ် ညောင်လှရွာက စစ်ကောင်စီတပ်တွေ့ ဝင်ရောက်ရှာဖွေခဲ့တဲ့ နေအိမ်ကို ၂၀၂၁ သြဂုတ် ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ညောင်လှရွာမှာ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံခုနစ်ဦးထဲမှာ မသန်းစွမ်းသူ အပါအဝင် အသက်မပြည့်သေးသူ သုံးဦးပါဝင်သလို သူတို့အားလုံးဟာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) နဲ့လည်း ပတ်သက်မှု မရှိတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသားစုဝင် တွေက RFA ကို ဒီနေ့ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ အသက် ၂၇ နှစ်အရွယ် မောင်သန့်ဇင်စိုး၊ အသက် ၁၄ နှစ် အရွယ် မောင်မင်္ဂလာနဲ့ သူ့ရဲ့ဖခင် အသက် ၃၅ နှစ်အရွယ် ကိုသိန်းခင်ဦး၊ အသက် ၁၇ နှစ်အရွယ် ကုလားလေး (ခေါ်) ချစ်အောင်၊ အသက် ၁၇ နှစ်အရွယ် မောင်နေတိုး၊ အသက် ၃၇ နှစ်အရွယ် ကိုနိုင်ဦးနဲ့ အသက် ၃၀ နှစ်အရွယ် ကိုဇဝနတို့ ဖြစ်ကြပါတယ်။

အဲဒီထဲမှာ ကိုဇဝနကတော့ ခြေထောက်တစ်ဖက် မသန်စွမ်းသူဖြစ်ပါတယ်။

ဒီနေ့မှာတော့ သူတို့ခုနစ်ဦးစလုံးကို စိုင်ပြင်မြို့ကို လက်ပြန်ကြိုးတုပ်ပြီး ဆက်လက်ဖမ်းဆီး ခေါ်ဆောင် သွားတာ တွေ့ရတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ညောင်လှ ကျေးရွာထဲကို ပစ်ခတ် ဝင်ရောက်ချိန် ဘုန်းကြီးကျောင်းထဲကို ကျေးရွာသား ၂၀ ကျော်နဲ့အတူ ထွက်ပြေးခိုလှုံကြရာကနေ ဖမ်းဆီးခံခဲ့ ရတာပါ။

အဲဒီနေ့က စစ်ကောင်စီတပ်သားတွေကဟာ ကျေးရွာထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိ၊ မရှိ ဝင်ရောက်ရှာဖွေပြီး ဆိုင်ကယ် ၁၇ စီးကို မီးရှို့သွားသလို ကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် အိမ်မွေး တိရစ္ဆာန် အချို့ သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့လည်း ကျေးရွာသားတွေက ပြောပါတယ်။

ဒေသခံ ခုနစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စိုင်ပြင်မြို့မှာတော့ ဒီမနက်က စိုင်ပြင် ရဲစခန်းရှေ့ ပေါက်ကွဲသံ တစ်ချက်ကြားရပြီး စခန်းအတွင်းကနေ လက်နက်ငယ် ဆယ်ချက်လောက်အထိ ပစ်ခတ်သံကိုလည်း ကြားရတယ်လို့ စိုင်ပြင်မြို့ဒေသခံက ပြောပါတယ်။

အခုလက်ရှိမှာတော့ စိုင်းပြင်မြို့မှာ စစ်ကောင်စီတပ်က အင်အား တိုးချထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။