ဆဲဗင်းဇူလိုင်နေ့ စစ်ကောင်စီကို နိုင်ငံတစ်ဝန်းဆန္ဒပြ
2021.07.07
၁၉၆၂ ခုနှစ် မတ်လမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဇူလိုင်လမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အအုံကို စစ်တပ်ကဗုံးခွဲဖျက်ဆီးချိန်မှာ ကျောင်းသားတစ်ရာကျော် သွေးမြေကျ သေဆုံး ခဲ့ရတဲ့ ဆဲဗင်းဇူလိုင် (၅၉) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီနေ့မှာ ရန်ကုန်၊ မန္တလေး၊ တနင်္သာရီ၊ စစ်ကိုင်း၊ ကယား စတဲ့ တိုင်းနဲ့ပြည်နယ်တွေနဲ့ နယ်မြို့တချို့မှာ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
ရန်ကုန်မြို့မှာဆိုရင် လူငယ်တစ်ရာဝန်းကျင်လောက်က “ဆဲဗင်းဇူလိုင် စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲ ဝင်ကြ၊ စစ်အာဏာရှင်စနစ်ကို ရရာနည်းနဲ့ အမြစ်ဖြတ်ချေမှုန်းကြ” လို့ ပိတ်စပေါ်မှာရေးထားတဲ့ ပိုစတာကြီးတွေ ကိုင်ဆောင်ပြီး မဟာဗန္ဓုလလမ်းပေါ်မှာ ဒီနေ့မနက်က ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
ရန်ကုန်က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကိုမောင်စိမ့်က အခုလိုပြောပါတယ်။
“ဒီနေ့ ဆဲဗင်းဇူလိုင်ဆိုတာက ၁၉၆၂ မှာ ဦးနေဝင်း အာဏာသိမ်းတော့ ကျွန်တော်တို့ ကျောင်းသားတွေကပဲ စတင်ပြီးတော့ ဗမာပြည်မှာ စစ်အာဏာရှင်ကို ပထမဆုံး တော်လှန်ခဲ့တဲ့ နေ့ပေါ့ဗျာ။ လက်ရှိ အချိန်ကာလ နဲ့လည်း ပိုပြီးတော့ ကိုက်ညီတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာ သိမ်းထားတဲ့ အချိန်၊ ပြီးတော့လက်ရှိ ကျွန်တော်တို့ ကျောင်းသားလူငယ်တွေ အကုန်လုံးကလည်း လမ်းပေါ်ထွက် ဆန္ဒပြ နေကြတယ်။ ပြီးတော့ ဒီတော်လှန်ရေးကို နည်းမျိုးစုံနဲ့ တော်လှန်နေကြတဲ့အချိန်မှာ ဒီနေ့ ဆဲဗင်းဇူလိုင် နေ့မှာ ကျွန်တော်တို့က စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးပေါ့။ ပြီးခဲ့တဲ့ ၁၉၆၂ ခုနှစ်က ဆဲဗင်ဇူလိုင် စိတ်ဓာတ်ကို ကိုင်စွဲပြီးတော့ ဆက်လက် တိုက်ပွဲဝင်ကြဖို့ ကျွန်တော်တို့ လမ်းပေါ်ချီတက်ကြတာပါ ခင်ဗျ”
ရန်ကုန်မြို့မှာ စစ်တပ်နဲ့ ရဲတွေ နေရာအနှံ့မှာ တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတာကြောင့် ဆန္ဒပြပွဲကို မိနစ်ပိုင်းလောက်သာ ပြုလုပ်ပြီး လူစုခွဲလိုက်ကြတာ တွေ့ရပါတယ်။
ဆန္ဒပြပွဲကို လူစုခွဲပြီးနောက် စစ်တပ်နဲ့ရဲက လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့ပြီး တချို့ဖမ်းဆီးခံရတယ်လို့ အစောပိုင်းက သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြတဲ့ လူငယ်တွေထဲက တစ်ယောက်မှ ဖမ်းဆီး ခံရတာ မရှိခဲ့ဘူးလို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကိုမောင်စိမ့်က ပြောပါတယ်။
မန္တလေးမြို့မှာလည်း ကျောင်းသားလူငယ် တစ်ရာကျော်လောက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေမှာ လူငယ်တွေပစ်သတ်ခံရ၊ အဖမ်းခံရတာများတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း ဆဲဗင်းဇူလိုင် နေ့ အထိမ်းအမှတ်အဖြစ် ဒီနေ့ ချီတက်ဆန္ဒပြ ကြပါတယ်။ အဲဒီပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ကျောင်းသား ကိုခန့်ဝေဖြိုးက သူတို့လူငယ်တွေရဲ့စိတ်ထဲမှာ ဘယ်စစ်အာဏာသိမ်းမှုကိုမှ လက်မခံတာကြောင့် ရှေ့ဆက် ပြီးတော့လည်း အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။
“ခေတ်အဆက်ဆက် ကျွန်တော်တို့နိုင်ငံက လူငယ်တွေကတော့ မတရားမှုကို ခေါင်းငုံ့မခံဘူး။ ကျွန်တော်တို့ ရရာနည်းနဲ့ဖီဆန်တယ် ဆန့်ကျင်တယ်ပေါ့နော်။ အဲဒီစိတ်ဓာတ်အတိုင်းပဲ ကျွန်တော်တို့ အခုခေတ် လူငယ်တွေကလည်း ဒီနိုင်ငံမှာ မတရား အာဏာသိမ်းတာကို ဘယ်လိုနည်းနဲ့မှ ဘာအကြောင်း ပြချက်နဲ့မှ ကျွန်တော်တို့ လူငယ်တွေ လုံးဝလက်မခံနိုင်ဘူး။ အဲဒီအတွက်လည်း ကျွန်တော်တို့ ဒီဖေဖော်ဝါရီလ ကတည်းကနေ အခုအချိန်အထိ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေရော နောက်ထပ် လူငယ် တွေ လက်နက်စွဲကိုင် တော်လှန်ဖို့ ပြင်ဆင်နေကြတယ်ပေါ့နော်။ ဆိုလိုတာကတော့ ကျွန်တော်တို့ရဲ့ အခုခေတ်မှာ ဘယ်လို အာဏာသိမ်းမှုမျိုးကိုမှ လုံးဝလက်မခံ နိုင်ဘူးပေါ့နော်။ ဒါက ကျွန်တော်တို့ လူငယ်တွေရဲ့ ရှင်းရှင်းလင်းလင်း သဘောထားပဲ။ အဲဒီအတွက် ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ သဘောထားအတိုင်းပဲ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် နောက်ဆုံး အချိန်ထိ ပေါ့နော် အဆုံးစွန်ထိ ကျွန်တော်တို့ လူငယ်တွေဘက်ကတော့ ဆန့်ကျင်သွားဖို့ သန္နိဌာန်ခိုင်ခိုင်မာမာ ချထားတယ်ဗျ”
မုံရွာမြို့မှာ ဒီနေ့မနက်က စစ်တပ်နဲ့ရဲက လမ်းသွားလမ်းလာတွေကိုစစ်ဆေးတာ၊ ကားတွေနဲ့လှည့်ပတ် နေတာရှိပေမယ့် ဆန္ဒပြသပိတ်စစ်ကြောင်းကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်လို့လည်း ကိုခန့်ဝေဖြိုးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အမှန်တရားနဲ့ တရားမျှတ လွတ်လပ်ခြင်းအတွက် ခေတ် အဆက်ဆက် တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားလူငယ် တော်လှန်ရေး ရဲဘော်တွေကို ဦးညွှတ် ဂုဏ်ပြုကြောင်း ဒီနေ့မှာကျရောက်တဲ့ (၅၉) နှစ်မြောက် ဆဲဗင်းဇူလိုင် အထိမ်းအမှတ်သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အလားတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ဆဲဗင်းဇူလိုင်စိတ်ဓာတ် ကိုင်စွဲ ပြီး တိုက်ပွဲဝင်ဖို့ နှိုးဆော်ထားသလို တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသ)ကလည်း ဆဲဗင်းဇူလိုင် အရေးမှာ ကျဆုံးခဲ့တဲ့ ကျောင်းသားပြည်သူတွေကို အလေးပြုကြောင်း ထုတ်ပြန်ထားပါတယ်။
"ကျွန်တော်တို့သာ အမြစ်မဖြတ်နိုင်ခဲ့ဘူးဆိုရင် နောက်ထပ် နှစ်ပေါင်း ဘယ်လောက်အထိ ဆိုတာကို ကျွန်တော်တို့ မတွေးဆနိုင်အောင်ပဲ ဒီစစ်အာဏာရှင် စနစ်ဆိုးက ကျွန်တော်တို့ မြေပေါ်မှာ ဆက်ပြီးကျန်နေဦးမှာပဲ။"
ရန်ကုန်မြို့က ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုမင်းဟန်ထက်က မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၅၉ နှစ်ကကြုံခဲ့ရတဲ့ စစ်အာဏာသိမ်းမှုဟာ အခုအချိန်မှာလည်း ကြုံနေရတာကြောင့် အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဖို့လိုတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့တွေ ဒီနှစ် ဆဲဗင်းဇူလိုင်မှာ ခိုင်မာတဲ့ သန္နိဌာန်တစ်ခုကို ချရမယ်။ အဲဒါကတော့ လွန်ခဲ့တဲ့ နှစ် ၆၀ နီးပါးခန့်က အမြစ်စွဲလာခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့မျိုးဆက်၊ ကျွန်တော်တို့ ခေတ်မှာ အပြီးသတ် မြေလှန်ပစ်ဖို့ပဲ၊ အပြီးသတ် ချေမှုန်းပစ်ဖို့ပဲ။ အဲလိုမျိုးအတွက်ဆိုရင် ကျွန်တော်တို့ရဲ့ တော်လှန်ရေး တိုက်ပွဲကတော့ ခက်ခဲနိုင်တာပေါ့။ ကြမ်းတမ်းနိုင်တာပေါ့။ ဒီထက်ပိုပြီးတော့လည်း အသက်တွေ၊ ဘဝတွေ ဆက်ရင်းကြရဦးမှာပေါ့။ ဒါပေမဲ့လည်း နှစ် ၆၀ တိုင်ခဲ့တဲ့ ဒီစစ်အာဏာရှင် စနစ်ဆိုးက ဆက်ရှိနေတာကို ကျွန်တော်တို့သာ အမြစ်မဖြတ်နိုင်ခဲ့ဘူးဆိုရင် နောက်ထပ် နှစ်ပေါင်း ဘယ်လောက်အထိ ဆိုတာကို ကျွန်တော်တို့ မတွေးဆနိုင်အောင်ပဲ ဒီစစ်အာဏာရှင် စနစ်ဆိုးက ကျွန်တော်တို့ မြေပေါ်မှာ ဆက်ပြီးကျန်နေဦးမှာပဲ။ အဲဒီကနေ ကျွန်တော်တို့ နောက်မျိုးဆက်တွေ၊ နောက်လူတွေ အသီးသီးဟာ ကျွန်တော်တို့လိုပဲ ဒုက္ခတွေခံရဦးမှာပဲ။ အဲလိုမျိုးဆိုတဲ့အတွက် ဘယ်လို နည်းနဲ့ပဲဖြစ်ဖြစ်၊ ဘယ်လောက်ခက်ခဲတဲ့ အခြေအနေတွေကိုပဲ ကြုံရ ကြုံရ ဒီစစ်အာဏာရှင် စနစ်ဆိုးကို အပြီးသတ် အမြစ်ဖြတ်ဖို့ကို ကျွန်တော်တို့ သန္နိဌာန်ချထားကြရပါလိမ့်မယ်”
၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းလိုက်တဲ့ ဗိုလ်ချုပ်နေဝင်း စစ်အစိုးရကို တက္ကသိုလ် ကျောင်းသားတွေက ဆန့်ကျင် ဆန္ဒပြခဲ့တဲ့နောက် ကျောင်းသားထုကို ဖိနှိပ်တဲ့ ကျောင်းဆောင်စည်းကမ်းတွေကို စစ်အစိုးရက ချမှတ်ခဲ့ ပါတယ်။ အဲဒီနောက်မှာ ကျောင်းသားထုက ဆန့်ကျင်ဆန္ဒပြရာကနေ ဇူလိုင် ၇ ရက်နေ့မှာ ဆန့်ကျ င်ဆန္ဒပြတဲ့ ကျောင်းသားထုကို စစ်တပ်က ဖမ်းဆီးတာတွေ ရှိခဲ့သလို ဇူလိုင် ၈ ရက် မနက်ပိုင်းတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်ဆီး လိုက်ပါတယ်။ အဲဒီလို ဗုံးခွဲခံလိုက်ရတဲ့ အဆောက်အအုံ ထဲမှာ ကျောင်းသားတစ်ရာကျော် ပါသွားတယ်လို့ ၁၉၆၂ မျိုးဆက် ကျောင်းသားတွေက ပြောကြပါတယ်။