မဲဆောက်မြို့က ဇူလိုင် ၇ အခမ်းအနား ထိုင်းအာဏာပိုင်တွေ ခွင့်မပြု

ဇူလိုင် (၇) ရက်နေ့ အထိမ်းအမှတ် အခမ်းအနား တရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို OTOP ခန်းမမှာ ကျင်းပဖို့ ၁၉၆၂ ခုနှစ်က ၂၀၀၇ ခုနှစ်ထိ ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေ စုပေါင်း စီစဉ်ခဲ့ပေမယ့် ဒီကနေ့ နေ့လည်မှာ ဒေသတွင်း ထိုင်းအာဏာပိုင်တွေရဲ့ တားမြစ်မှုကြောင့် ဖျက်သိမ်း လိုက်ရပါတယ်။

2012.07.07
74-gs-aung-saw-oo-7-july-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက်က ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များ၏ တားမြစ်မှုကြောင့် ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုပွဲ ဖျက်သိမ်းကြောင်း ဦးအောင်စောဦးက ကြေညာနေစဉ်။
RFA

ပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်ရာမှာ ပါဝင်တဲ့ ၁၉၇၄ ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဦးအောင်စောဦးက ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုပွဲအတွက် ပြင်ဆင်ထားတဲ့ စင်မြင့်ထက်ကနေ ဒီကနေ့ ကျင်းပမယ့်ပွဲ ဖျက်သိမ်းကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

"ရာပြည့်အကြို ရန်ကုန်တက္ကသိုလ် အထိမ်းအမှတ် အခမ်းအနား ပွဲသဘင်ဟာ အိမ်နီးချင်း နိုင်ငံမှာ ကျင်းပခွင့် မရရှိတာကို ဝမ်းနည်းကြောင်း ကျွန်တော် မှတ်တမ်းတင်ပါတယ်။ လာရောက်ပြီးတော့ ကျွန်တော်တို့ကို နွေးထွေးစွာနဲ့ ရှင်းပြပေးတဲ့ ထိုင်းနိုင်ငံရဲ့ တာဝန်ရှိ အရာရှိ များကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ ဒီလိုလုပ်ချင်းအားဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်နိုင်စရာ အကြောင်းရှိတဲ့ အတွက် အခုလို ဆိုတာ၊ ကတာတွေကိုတော့ သူတို့ ခွင့်ပြုမပေးနိုင်ပါဘူးတဲ့။ ကျွန်တော် ဒီအခမ်းအနားကို ဝမ်းနည်းစွာနဲ့ ရုပ်သိမ်းကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား။"

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဇူလိုင် (၇) ရက်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ဖို့ စီစဉ်တာဟာ အကြောင်း အမျိုးမျိုးနဲ့ ထိုင်းနိုင်ငံ မဲဆောက်ဒေသတွင်း ရောက်နေတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား မိသားစုနဲ့ ကျောင်းသား လူငယ်တွေ အားလုံး ခေတ်အဆက်ဆက်က ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှုသမိုင်းကို သိရှိဖို့ ရည်ရွယ် ကျင်းပတာလို့ ၁၉၇၄ ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဦးမောင်မောင်တိတ်က အခုလို ပြောပါတယ်။

"၁၉၆၂ခုနှစ် ရန်ကုန် ဝိဇ္ဖာသိပ္ပံတက္ကသိုလ် ကျွန်တော်တို့ရဲ့သမဂ္ဂကြီး အဆောက်ဦးကြီး ဖြိုခွဲ ဖျက်ဆီးခံရတာတင် မကဘူး၊ အဲဒီ ကာလအတွင်းမှာ ရက်ရက်စက်စက်နဲ့ သတ်ဖြတ်ခံရတဲ့ ကျောင်းသားထုတွေရဲ့ သတ္တိ၊ သစ္စာနဲ့ အသိကို လေးစား ဂုဏ်ပြုသောအားဖြင့် သူတို့နောက်မှာ ဖြစ်တဲ့ ကျွန်တော်တို့ ၇၄၊ ၇၅၊ ၇၆ နဲ့ ၈၈ နောက် ၂၀၀၇ အထိ ဂျင်နရေးရှင်းတွေက နေပြီးတော့ ကျင်းပရခြင်း ဖြစ်ပါတယ်"

အခမ်းအနားကို ဒီကနေ့ နေ့လည် ၁၂နာရီကနေ ည (၉) နာရီအထိ ကျင်းပဖို့ ကြေညာထားပြီး ပရိသတ်တွေ ရောက်ရှိလာတဲ့အချိန်မှာ အခုလို ထိုင်းအာဏာပိုင်တွေဘက်က တားမြစ်ချက်ကြောင့် ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။