ချင်းမိုင် က ဇူလိုင် ၇ ရက် အခမ်းအနား

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှာလည်း ဇူလိုင်လ (၇) ရက်နေ့ အခမ်းအနားနဲ့ စကားဝိုင်းတခုကို CDO Resource Center မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

2012.07.07

အခမ်းအနားမှာ ဇူလိုင်လ ၇ ရက်နေ့ အရေးတော်ပုံ ပေါ်ပေါက်လာပုံ အပြင် ၁၉၆၂ ခုနှစ်ကစပြီး ၂၀၀၇ ခုနှစ်အထိ ကျောင်းသား လှုပ်ရှားမှု အဆက်ဆက်မှာ ပါဝင်ခဲ့သူတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ရှင်းပြခဲ့ကြပါတယ်။

အခမ်းနားအပြီးမှာ သမိုင်း သင်ခန်းစာတွေကို ဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြောင်း အခမ်းနား စီစဉ်သူတဦး ဖြစ်တဲ့ ဗကသ များအဖွဲ့ချုပ်၊ နိုင်ငံခြားရေးရာ ကော်မတီဝင် ကိုအောင်လတ်က ပြောပါတယ်။

"၇ ဇူလိုင်နဲ့ပတ်သက်ပြီးတော့ စာအုပ်တွေ ဖတ်ထားပြီးတော့ ဒီအပေါ်ကနေ သမိုင်းသင်ခန်းစာ ဘာတွေရသလဲ၊ ဒီအဖြစ်အပျက်တွေထဲက သမိုင်းနဲ့ပတ်သက်တဲ့ ကိုယ်မသိတဲ့ ဘယ်လို အကြောင်းအရာတွေက ကိုယ့်အတွက် စိတ်ဝင်စားစရာ ဖြစ်စေသလဲ ဆိုတဲ့အချက်ရယ်၊ နောက်ပြီးတော့ လူငယ်တွေ ဒီအကြောင်းအရာကို သိတဲ့အချိန်မှာ စိတ်ခံစားမှု ဘယ်လိုရှိသလဲ ဆိုတာ၊ အဲဒါတွေကို စာဖတ်ဝိုင်းမှာ ခေါင်းစဉ်တည်ပြီး ဆွေးနွေးတယ်။"

အခမ်းအနားလာတဲ့ လူငယ်တွေက စိတ်ဝင်တစား ပြန်လည် ဆွေးနွေးခဲ့ကြတယ်လို့လည်း ကိုအောင်လတ်က ပြောပါတယ်။

"ကျောင်းသားတွေက ဒီနေ့ ဒီအချိန်အထိ လက်ဆင့်ကမ်းပြီးတော့ သယ်ဆောင်ကြတာ ဘာ့ကြောင့်ဆိုတာ သူတို့ သိရတယ်။ နောက်ပြီးတော့ ဇူလိုင် ၇ ရက် အခမ်းအနားတွေကို ကျင်းပခွင့် မရအောင် အစိုးရက ဘာဖြစ်လို့ ကြောက်သလဲ၊ ဘာကြောင့် ပိတ်ပင်နေရသလဲဆိုတာ သူတို့ သိရှိနားလည်ခဲ့တယ်ပေါ့၊ အဲဒါတွေ ဆွေးနွေးကြတယ်။"

ဒီပွဲကို ချင်းမိုင်အခြေစိုက် နိုင်ငံရေး အဖွဲ့အစည်းတွေ အပြင် လူငယ်ရွှေ့ပြောင်း မြန်မာအလုပ်သမား အများအပြားလည်း တက်ရောက်ကြပါတယ်။

ချင်းမိုင်မြို့ က CDO Resource Center မှာ ၂ ပတ်တကြိမ် စာဖတ်ဝိုင်းတခု ပြုလုပ်နေတာ ဖြစ်ပြီး ဒီကနေ့ မှာတော့ စာဖတ်ဝိုင်း စီစဉ်သူတွေနဲ့ ဗကသ များ အဖွဲ့ချုပ် နိုင်ငံခြားရေးရာ ကော်မတီတို့ ဒီ အခမ်းအနားကို ပူးတွဲကျင်းပခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။