ချောင်းဦးမှာ ရွာနှစ်ရွာက နေအိမ် ၇၀ ကျော်မီးရှို့ခံရ

RFA Burmese
2023.02.17
ချောင်းဦးမှာ ရွာနှစ်ရွာက နေအိမ် ၇၀ ကျော်မီးရှို့ခံရ ချောင်းဦးမြို့နယ် ယာကြီးတောကျေးရွာ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Chaung U Revolution

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ယာကြီးတောနဲ့ ဝယာရွာကိုတွေ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၆ ရက် မနေ့က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နှစ်ရွာပေါင်းက နေအိမ် ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံကြီးကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူးစောထီးပူးပေါင်းအဖွဲ့က ဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ယာကြီးတောကို မီးရှို့တာ ဝယာနဲ့လည်း ကပ်လျက်ဆိုတော့ အဲဒီကိုပါ မီးကူးသွားတာ။ မီးလောင်တဲ့ဟာကတော့ ယာကြီးတောက ပိုများတယ်”

အခုမီးရှို့ခံရတဲ့ရွာတွေဟာ ချင်းတွင်းမြစ်ဘေးက ရွာတွေဖြစ်ပြီး အဲဒီအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်က တပ်စွဲထားတာကြောင့် ရွာထဲမှာ လူတွေမနေတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရွာတွေလို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဖေဖော်ဝါရီလ ၁၇ ရက် ဒီနေ့မှာလည်း ချောင်းဦးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးတာတွေ ဆက်ရှိနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာတွေလည်းရှိနေတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

မီးလောက်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့စာရင်းတွေအရ စစ်အာဏာ သိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၃,၂၉၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။