ပုလဲမြို့နယ်မှာ အိမ်ခြေ ၇ဝဝ ခန့် မီးရှို့ခံရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က လှော်ကားရွာနဲ့ ကိုင်းတွင်းရွာမှာ ဖေဖော်ဝါရီ ၄ ရက် မနေ့က နေအိမ် အလုံးပေါင်း ၇ဝဝ နီးပါး မီးရှို့ခံလိုက်ရပါတယ်။
ဖေဖော်ဝါရီ ၄ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေ လှော်ကားရွာနဲ့ ကိုင်းတွင်းရွာထဲ ရောက်လာတဲ့အတွက် ရွာသားတွေ ဘေးလွတ်ရာထွက်ပြေးရသလို တချို့ လည်း ရွာအနီးမှာ ပုန်းကွယ်ရင်း ရွာထဲက အခြေအနေကို စောင့်ကြည့်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ တစ်ထောင်ဝန်းကျင်ရှိတဲ့ လှော်ကားရွာမှာ အိမ် ၅ဝဝ ခန့် မီးလောင်ခဲ့ပြီး အိမ်ခြေ ၂၆ဝ ဝန်းကျင်ရှိတဲ့ ကိုင်းတွင်းရွာမှာတော့ အိမ်အလုံး ၂ဝဝ ခန့် မီးလောင်ကျွမ်းခဲ့တာပါ။ နှစ်ရွာပေါင်းရင် စုစုပေါင်း အိမ်အလုံး ၇ဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်တွေကို မီးရှို့ခဲ့တဲ့အပြင် အိမ်တွေထဲက ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လှော်ကားရွာသား တစ်ယောက်က ပြောပါတယ်။
"မနေ့က ကိုင်းတွင်းရွာကို မီးရှို့တယ်။ မီးရှို့ပြီးတော့ မြောက်ဘက်ကို အထွက်ပြပြီးတော့ ပျူစောထီးတွေက လှော်ကားကို ဝင်လာတယ်။ ည ၁၀ နာရီခွဲလောက်မှာ ရွာထဲက ပစ္စည်းတွေကို ရှာကြတယ်။ သူတို့လိုချင်တဲ့ပစ္စည်းတွေကို ရွာရဲ့အနောက်ဘက် တစ်မိုင် ကျော်လောက်က ပျူသင်တန်းပေးတဲ့ အင်မထီးရွာကို ပစ္စည်းတွေပို့ပြီး ည ၁ နာရီ လောက်မှာ အရပ်ဝတ်နဲ့ ပျူစောထီးတွေက မီးရှို့တယ်။ တပ်က ယူနီဖောင်းတွေနဲ့ မီးငြှိမ်းတယ်။ အခုအနေအထားအရတော့ အိမ်ငါးရာကျော်လောက် ပါသွားတယ်"
စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရွာပတ်လည်မှာ ကင်းပုန်းတွေ ချထားခဲ့လို့ ဒေသခံတွေ ရွာထဲကို မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။
စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေကို သင်တန်းပေးနေတဲ့ အင်မထီးရွာကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေစုပေါင်းပြီး ဇန်နဝါရီ ၂၃ ရက်က တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း အနီးအနားကရွာတွေ မီးရှို့ ဖျက်ဆီးခံရတာ ဆက်တိုက်ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဘယ်လိုမှလည်း နေလို့လည်း မရတော့ဘူး၊ လေယာဉ်လာမှာပဲ ကြောက်နေကြတော့တာ"
နေအိမ်ဆုံးရှုံးသွားတဲ့ အသက် ၄ဝ အရွယ် ကိုင်းတွင်းရွာသားတစ်ဦးကတော့ ရွာမှာနေလည်း မလုံခြုံတော့လို့ အသက်မသေဖို့အတွက် ရွာကနေ ထွက်လာတာ ငါးရက်ရှိပြီလို့ ပြောပါတယ်။
"အင်မထီးမှာ တိုက်ပွဲဖြစ်ကတည်းက ရွာကနေ ရှောင်လိုက်၊ ဝင်လိုက်နေတာ၊ လွှတ်ချလိုက်တော့တာပဲ၊ လူလွတ်ပြီးရော။ နီးစပ်ရာရွာတွေ၊ တောတွေမှာ နွားတွေနဲ့ လှည်းတွေနဲ့ သစ်ပင်အောက်နေကြတော့တာပဲ၊ ရွာတွေကလည်း မလုံခြုံတော့ဘူး၊ တောတွေထဲပဲ နေတော့တာ၊ လူရော၊ နွားရော အကုန်လုံး ဒုက္ခရောက်တာပဲ၊ ရာသီဥတုကလည်း အေးတော့ လူကြီးတွေကစလို့ပဲ၊ လူတွေလည်း အိပ်ရေးတွေ ပျက်လှပြီ၊ ဘဝတွေက ဘယ်လိုမှ မလုံခြုံတော့ဘူး၊ နေရထိုင်ရတာလည်း မကောင်းတော့ဘူး၊ ဘယ်လိုမှလည်း နေလို့လည်း မရတော့ဘူး၊ လေယာဉ်လာမှာပဲ ကြောက်နေကြတော့တာ"
ပုလဲမြို့နယ်ထဲ နွယ်ရှောက်၊ ကန်ပေါက်၊ တနယ်၊ မွေ့တုံ၊ ပန်းရွာ၊ ညောင်ကုန်း၊ ဖိုကုန်း၊ အင်ကြင်းစု၊ လက်ပုကန် စတဲ့ ရွာတွေအပါအဝင် ရွာပေါင်း ၁ဝ ရွာလောက်က ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ရွာတွေ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။ စစ်ကောင်စီက PDF တွေကို ချေမှုန်းဖို့ အခုလိုလုပ်နေတာလို့ ပုလဲမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ယောက်က ယူဆပါတယ်။
"အင်မထီးကျေးရွာ ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေကို နယ်မြေစိုးမိုမှုရအောင် လုပ်နေတယ်။ ရွာတိုင်းမှာ PDF တွေရှိလို့ ရွာတွေကို လိုက်ပြီးမီးရှို့နေတယ်လို့ ယူဆတယ်။ ဒီလိုလုပ်နေတာတွေက ပြည်သူကို တအား နှိပ်စက်ပြီး ဒုက္ခတွေ ပေးနေတာပါ၊ အခုလို ဒုက္ခတွေ ပေးနေတော့ သူတို့လမ်း သူတို့တော့သွားမှာပါ၊ ဒီဘက်ကလည်း ရှိတဲ့အင်အားနဲ့ ပြန်ချဖို့ အမြဲတမ်းစောင့်ဆိုင်းနေတာပဲ"
ဒီရက်ပိုင်းမှာတော့ ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တွေ အပြန်အလှန် တိုက်ပွဲတွေ မရှိဘူးလို့လည်း ဆိုပါတယ်။
ဒီကနေ့မနက်မှာတော့ လှော်ကားရွာကနေ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေ ထွက်ခွာသွားပြီး နွယ်ရှောက်ရွာကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကလည်း မွေ့တုံရွာနဲ့ ပန်းရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့လို့ အိမ်ခြေ ၄ဝဝ ကျော်မီးလောင်ခဲ့ပြီး အိုးအိမ် ဆုံးရှုံးသွားသူတွေမှာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်အထိ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းနဲ့ပြည်နယ် ကိုးခုက မြို့နယ် ကျေးရွာ ၁၂၆ ခုမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခံရတဲ့ နေအိမ်အလုံးပေါင်း ၃၃၇၉ လုံး ရှိနေပါပြီ။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး နေအိမ်အလုံးပေါင်း ၁၄ဝဝ ကျော် မီးရှို့ခံခဲ့ရတယ်လို့ မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခ နောက်ဆက်တွဲ အကျိုးဆက်တွေကို သုတေသနပြုနေတဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပါတယ်။ ဒုတိယအများဆုံးက ချင်းပြည်နယ် ဖြစ်ပြီး နေအိမ်အလုံးပေါင်း ၉၇၆ လုံး၊ မကွေးတိုင်းမှာ ၅၈၅ လုံး၊ ကယားပြည်နယ်မှာ ၃ဝ၁ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။