ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၇ဝ ကျော်ဖမ်းဆီး
2019.05.16

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ မဲဆောက်မြို့မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၇၀ ကျော် အဖမ်းခံရတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားအရာရှိ ဦးအောင်မင်းက RFA ကို ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ မြန်မာအလုပ်သမားတွေ အများစု နေထိုင်တဲ့ ရပ်ကွက်အတွင်းက နေအိမ်တွေကို လိုက်စစ်ရင်း အခုလိုဖမ်းမိတာဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ရဲမှူးကြီးညွှန်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ နယ်မြေခံစစ်ဘက်ဆိုင်ရာနဲ့ ထိုင်းအလုပ်အကိုင်ရှာဖွေရေးရုံး တာဝန်ရှိသူတွေက စစ်ဆေးရာမှာ အထောက်အထားမဲ့ အလုပ်သမားတွေကို ဖမ်းမိတာလို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုစောမောင်က ပြောပါတယ်။
ထိုင်းနိုင်ငံကို တရားမဝင်ရောက်လာတဲ့သူတွေ များနေတာကြောင့် ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက်နဲ့ တရားမဝင် အလုပ်သမားတွေရဲ့ ရာဇဝတ်မှုတွေ ပပျောက်စေဖို့အတွက် အခုလို ဖမ်းဆီးတာတွေ များလာတယ်လို့ သိရပါတယ်။
ဖမ်းမိထားတဲ့မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုလွှဲပြောင်းပေးပြီး အဲဒီကမှတဆင့် မြန်မာနိုင်ငံကို ပြန်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။