မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေ ၂၁ ပင်လုံတက် ဖို့ နေပြည်တော်ကို ရောက်ရှိ
2017.05.23

မနက်ဖြန်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံကို အထူးဖိတ်ကြားသူအနေနဲ့ တက်ရောက်ဖို့ UWSP" ဝ" အဖွဲ့၊ မိုင်းလားအဖွဲ့၊ KIO ကချင်လွတ်မြောက်ရေးအဖွဲ့၊ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ၊ ကိုးကန့် စတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင်တွေ နေပြည်တော်ကို ဒီနေ့ နေ့လည် သုံးနာရီခန့်မှာ တရုတ်နိုင်ငံ ကူမင်းမြို့ ကနေ ရောက်ရှိလာပါတယ်။
ဒုတိယအကြိမ်ကျင်းပမယ့် ၂၁ ရာစုပင်လုံ တက်ရောက်ဖို့ UWSP " ဝ" အဖွဲ့၊မိုင်းလားအဖွဲ့၊ ကိုးကန့် MNDAA၊ KIA၊ SSPP၊ AAနဲ့ TNLA အဖွဲ့ က ကိုယ်စားလှယ်တွေ နေပြည်တော်ကို ဒီနေ့ ရောက်ရှိလာတယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အဲဒီအဖွဲ့ ၇ ဖွဲ့ကို အထူးဖိတ်ကြားသူတွေအနေနဲ့ တစ်ဖွဲ့ချင်းစီအလိုက် အစိုးရက ဖိတ်ကြားထားတာဖြစ်ပါတယ်။
အထူးဖိတ်ကြားထားသူတွေ ညီလာခံမှာ ပါဝင်ဆွေးနွေးခွင့်နဲ့ စာတမ်းတင်ခွင့်ရှိ၊ မရှိ ဆိုတာကို အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
TNLA တအာင်းပလောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဖုန်းကျော်က အထူးဖိတ်ကြားခံရတဲ့ အဖွဲ့တွေဟာ ညီလာခံမှာ ပါဝင်ဆွေးနွေးခွင့်ရှိမလားဆိုတာကို မသိရသေးကြောင်းနဲ့ တကယ်လို့ ဆွေးနွေးခွင့် ရမယ်ဆိုရင် UWSP" ဝ" အဖွဲ့က ဦဆောင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော် မတီက ပါဝင်ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ PNLO ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ က အထူးဖိတ်ကြားသူတွေဟာ ညီလာခံဖွင့်ပွဲကို တက်ရောက်ခွင့်ရမှာဖြစ်ပေမယ့် ပါဝင်ဆွေးနွေးခွင့်မရဘူးလို့တော့ သတ်မှတ်ချက်ရှိကြောင်း၊ ဒါပေမဲ့ ကဏ္ဍအလိုက်ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးဖို့အတွက် သက်ဆိုင်ရာ သဘာပတိတွေ ခွင့်ပြုချက်နဲ့ ဝင်ရောက်ဆွေးနွေးနိုင်မလားဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။