ဆဲဗင်းဂျူလိုင် အခမ်းအနားတွေ ကျင်းပ၊ တကသခေါင်းဆောင် ကိုဇေယျာလွင်ကို ဖမ်းဆီး
2015.07.07

၅၃ နှစ်မြောက် ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသအဖွဲ့ဝင်တွေက ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
အဲဒီ အခမ်းအနားမှာ တကသခေါင်းဆောင် ကိုဇေယျာလွင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲက ထွက်ခွာသွားဖို့ ထပ်မံတောင်းဆိုကြောင်း ပြောကြားခဲ့ပါတယ်။
"ကျနော်တို့တိုင်းပြည်ဟာ ဘယ်အစိုးရတက်တက် ဖွဲ့စည်းပုံထဲမှာ ဒီစစ်တပ်ကို အခွင့်ထူးခံပေးထားရင် လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းပေးထားသရွေ့ ဘယ်အစိုးရတက်တက် တက်တဲ့အစိုးရ ကြိုက်ကြိုက် မကြိုက်မကြိုက် ကျနော်တို့ ၂၅ ရာခိုင်နှုန်းထွက်သွားဖို့ အော်နေရမှာပဲ"
အခမ်းအနားအပြီးအပြန်မှာ ကိုဇေယျာလွင်ကို ပန်းပဲတန်းရဲစခန်းက ဖမ်းဆီးသွားခဲ့ပါတယ်။ တကသခေါင်းဆောင် ကိုဇေယျာလွင် အဖမ်းခံရတဲ့အကြောင်း တကသအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဖိုးသားက အခုလို ပြောပါတယ်။
"ပထမ ကျနော်တို့က ကားတစ်စီး စီစဉ်ပေးတာ၊ အဲ့ကားက လုံခြုံမှုမရှိတော့လို့ဆိုပြီး ကျနော်တို့အသိ အငှားကားတစ်စီးနဲ့ စီစဉ်ပေးလိုက်တာ၊ ဒီကားကို အရှေ့ အနောက်ပိတ်ပြီးတော့ နောက်ကရဲကားတွေက လိုက်ရင်းနဲ့ အင်းလျားလမ်းမှာ မိသွားတာပေါ့၊ ဖမ်းတာက ပန်းပဲတန်းရဲစခန်းကဖမ်းတာ၊ တရားရုံးက ဝရမ်းနဲ့တရားဝင်ဖမ်းတာ"
ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ တကသကျောင်းသားတွေ ဦးဆောင်ကျင်းပတဲ့ ဆဲဗင်းဂျူလိုင်နှစ်ပတ်လည် အခမ်းအနားဟာ ကြိုတင်ခွင့်ပြုချက်ရယူမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
ကျောင်းဝင်းထဲက အဓိပတိလမ်းမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ကျော်လောက်က ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို ပိတ်ဆို့တားမြစ်တာတွေရှိခဲ့ပါတယ်။ ဒီနေ့ ရန်ကုန်တက္ကသိုလ်က အောက်မေ့ဘွယ်အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့သူတစ်ဦးဖြစ်တဲ့ တကသကျောင်းသား ကိုဇေယျာလွင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲက ထွက်သွားရေးတွေအတွက် တောင်းဆို ဆန္ဒပြခဲ့တာကြောင့် ပန်းပဲတန်းမြို့နယ် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အခုလ ၄ ရက်နေ့က ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။
ဇူလိုင် ၇ ရက် အခမ်းအနားတွေကို မန္တလေး ရတနာပုံတက္ကသိုလ်၊ မြစ်ကြီးနား နည်းပညာတက္ကသိုလ်၊ မုံရွာမြို့၊ ပုသိမ်မြို့နဲ့ မိတ္တီလာမြို့တွေမှာလည်း ကျင်းပခဲ့ပါတယ်။
ဒီအတောအတွင်း ABSDF ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ဌာနချုပ်မှာလည်း ဆဲဗင်းဇူလိုင် အရေးအခင်း နှစ်ပတ်လည်အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ABSDF (မြောက်ပိုင်း) ဂျန်ထုန်လခွမ်းဘွမ် ဗဟိုဌာနချုပ်မှာ ၅၃ နှစ်မြောက် ဆဲဗင်းဇူလိုင်အခမ်းအနားကို ဒီနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့တာနဲ့ ပတ်သက်လို့ မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ရဲဘော်လဆိုင်းက ခုလို ပြောပြပါတယ်။
"အောက်မေ့ဘွယ် အခမ်းအနား နောက်ပြီးကျဆုံးသွားတဲ့ အာဇာနည်တွေကို ဦးညွှတ်အလေးပြုတဲ့ အခမ်းအနား အဓိကလုပ်ပါတယ်၊ ဒီကနေ့ မျိုးဆက်သစ်တော်လှန်ရေး တပ်ဖွဲ့ဝင်တွေအားလုံးလည်း ဒီနေ့ဟာ စစ်အာဏာရှင်ရဲ့ ရက်စက်ယုတ်မာတဲ့နေ့ဖြစ်တယ်၊ ဒါကိုအားလုံးသိဖို့လိုတယ်၊ စစ်အာဏာရှင်က ဒါကို ဒီကနေ့အထိကြောက်နေ တယ်၊ ကျောင်းသားအားလုံး ပြည်သူအားလုံး တညီတညွှတ်တည်း စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်းတော်လှန်ဖို့ အတွက် ဒီနေ့ ဒီအထိမ်းအမှတ် အခမ်းအနားလုပ်တာပေါ့"
ပြီးခဲ့တဲ့နှစ်တွေကလဲ ဇူလိုင် ၇ နေ့ရောက်တိုင်း အလားတူအခမ်းအနားတွေ လုပ်ခဲ့ပေမယ့် အခုလိုမျိုး ဟောပြောပွဲနဲ့ ပြိုင်ပွဲတွေကျင်းပတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ မုံရွာ၊ မတ္ထီလာ၊ ပုသိမ် စတဲ့ မြို့တွေမှာ ကျင်းပခဲ့တဲ့ ဆဲဗင်းဂျူလိုင် နှစ်ပတ်လည် အခမ်းအနားတွေအကြောင်း RFA သတင်းထောက် မမိုးကလျာဦး စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံမှာ ဖြတ်သန်းခဲ့သူတချို့ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဇင်မာဝင်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦကို မူလနေရာမှာ ပြန်ပြီးတည်ဆောက်ခွင့်ရဖို့အတွက် ခေတ်အ ဆက်ဆက် ကျောင်းသားခေါင်းဆောင်တွေ လှုပ်ရှားတောင်းဆိုနေကြတဲ့အကြောင်း RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။