ဒုက္ခသည် ရှစ်ထောင် မကြာခင်ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြောကြား
2018.10.20

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mahmood Ali မာမွတ်အလီက သူတို့နိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေထဲက လူဦးရေ ၈ဝဝဝ ခန့်ဟာ ပထမဆုံးအသုတ်အဖြစ် ရခိုင်ပြည်နယ်က မူလနေထိုင်ခဲ့တဲ့ ရွာတွေကို မကြာခင် ပြန်ကြတော့မယ်လို့ သောကြာနေ့က ပြောကြားလိုက်ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပတဲ့ ASEM အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်စဉ် သူက အခုလိုပြောကြားခဲ့တာပါ။ ရိုဟင်ဂျာ ပဋိပက္ခကို မြန်မာနိုင်ငံနဲ့ ဖြေရှင်းရာမှာ ပါဝင်ကူညီခဲ့ကြတဲ့ နိုင်ငံတကာ အသိုင်းအဝန်းကိုလည်း ကျေးဇူးတင်ကြောင်း သူက ပြောပါတယ်။
ဒီအတောအတွင်း အဲဒီ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မလေးရှား ဒု ဝန်ကြီးချုပ် Dr. Wan Azizah ဒေါက်တာ ဝမ် အဇီဇာ က ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်နေတာတွေကို ရပ်တန့်အောင် မဆိုသလောက်ဘဲ လုပ်ဆောင်ခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တစ်ဦးဖြစ်တဲ့ သူ့လို ပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ရက်စက်မှုတွေကို ဝင်ရောက်တားဆီးမှာပဲလို့ မိမိတို့ မျှော်လင့်ခဲ့ပါတယ်လို့ ပြောပါတယ်။
မိမိတို့ မလေးရှား နိုင်ငံအနေနဲ့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို တတ်နိုင်သမျှ လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကို မြန်မာနိုင်ငံမှာပဲ ရှိနေစေချင်ပါတယ်လို့လည်း မလေးရှား ဒု ဝန်ကြီးချုပ်က ပြောကြားပါတယ်။