၈ လေးလုံး ၂၄ နှစ်ပြည့် ရန်ကုန်မှာ ကျင်းပနိုင်ရေး ဆွေးနွေး

သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနား တရပ်ကို ရန်ကုန်မြို့မှာ ကျင်းပဖို့ အဖွဲ့အသီးသီးက M3 စားသောက်ဆိုင်မှာ ဒီနေ့ အစည်းအဝေး တရပ် ကျင်းပကြပါတယ်။

2012.07.28

နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပြန်လည်စုစည်းရေး ကော်မတီ၊ Generation Wave နဲ့ ဝမ်းဖိုးဝမ်း ခေါ် ၁၄၁ ယောက်အဖွဲ့ တို့က စည်းဝေးညှိနှိုင်းကြ တာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုသက်ဦးက RFA ကိုပြောပါတယ်။

"နေ့လည် ၁၁ နာရီကနေ ၁ နာရီအထိ ဆွေးနွေးကြတယ်။ နိုင်ကျဉ်းအဖွဲ့၊ လူ့ဘောင်သစ်၊ GW၊ ဝမ်းဖိုးဝမ်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ကျော်ကိုကိုတို့၊ စည်သူမောင်တို့ ကျောင်းသား သမဂ္ဂပြန်လည် ဖွဲ့စည်းရေးအဖွဲ့ ပါတယ်။ ရန်ကုန်မှာ ကျန်နေခဲ့တဲ့ အဖွဲ့အစည်းတွေ အားလုံး ပေါင်းပြီးတော့ လုပ်တယ်။"

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မန္တလေးမြို့မှာ ၈ လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတွက် ကျန်အဖွဲ့အစည်းတွေက ရန်ကုန်မြို့မှာလည်း ကျင်းပဖို့ ဆွေးနွေးကြတာလို့ ဆိုပါတယ်။

အဲဒီ ၈ လေးလုံးနှစ်ပတ်လည်နေ့မှာ အရေးတော်ပုံကာလ အတွင်း ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ရည်စူးပြီး သံဃာတော် ၈၈ ပါးကို ဆွမ်းကပ်ကြမှာ ဖြစ်သလို အခမ်းအနား ကျင်းပမှာလည်း ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဆောင်ရွက်မယ့် အသေးစိတ် အစီအစဉ်နဲ့ အခမ်းအနား ကျင်းပမယ့် နေရာကိုတော့  သြဂုတ်လ ၈ ရက်နေ့နီးမှ ထုတ်ပြန်ကြေညာမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။