သံဃာနဲ့၈၈ မျိုးဆက်က နှစ်ပတ်လည်မှာ တိုက်တွန်း
2011.08.05

AFP
၁၉၈၈ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုကြီးဟာ ဒီကနေ့အထိ ဆက်လက် ချီတက်နေစဲ ဖြစ်ကြောင်း၊ ဒီကနေ့ အစိုးရသစ် ပေါ်ပေါက်လာပေမယ့် ဒီမိုကရေစီကို ဖော်ဆောင်ခြင်း မရှိကြောင်း၊ အစိုးသစ်အနေနဲ့ စေတနာ မှန်တယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရမှာ ဖြစ်တယ်လို့ သံဃာ့တပ်ပေါင်းစု ဆရာတော်တပါးဖြစ်တဲ့ ဦးဓမ္မသီရိက မိန့်ကြားပါတယ်။
“ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးတရပ် ပေါ်ပေါက်လာပြီ။ အဲဒီတော့ စစ်မှန်တဲ့ ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ အုပ်ချုပ်ပါတယ် ဆိုလို့ရှိရင် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရပါလိမ့်မယ်”
တဆက်တည်းမှာပဲ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ အတွက် ဆောင်ရွက်သင်တဲ့ အချက်တွေကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
အဲဒီ ကြေညာချက်မှာ အချက် ၅ ချက်ဖော်ပြထားပြီး ပထမဆုံး အချက် အနေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ရဲ့ ဇူလိုင် ၂၅ ရက်နေ့က တွေ့ဆုံပွဲကို ကြိုဆိုထား ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ရဲ့တွေ့ဆုံမှုကနေ တိုးတက်တဲ့ လက္ခဏာ တွေပြဖို့ လိုအပ်တယ်လို့ ကြေညာချက်ကို တာဝန်ခံ ထုတ်ပြန်သူ တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုစိုးထွန်းက RFA ကို ပြောပါတယ်။
ဒီနေ့ ကြေညာချက်မှာ ဦးသိန်းစိန် အစိုးရ အနေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အမှန်တကယ် လိုလားတယ် ဆိုတာ ပြသဖို့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်တယ်လို့လဲ ဖော်ပြထား ပါတယ်။