၈ လေးလုံးအခမ်းအနား အစိုးရနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဖိတ်ကြားမည်
2013.07.17
ရန်ကုန်မြို့မှာကျင်းပဖို့ ပြင်ဆင်နေတဲ့ ၈ လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားကို အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ ဖိတ်ကြားမယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ အခမ်းအနား ဖိတ်ကြားရေးကော်မတီဝင်တစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးက RFA ကို အခုလိုပြောပါတယ်။
"ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အခြေခံမူအပေါ်မှာ ကျင်းပတဲ့အတွက်ကြောင့်မို့ ကျနော်တို့အနေနဲ့က အစိုးရကိုသော်၎င်း၊ လွှတ်တော်များကိုသော်၎င်း ဖိတ်ကြားမှာဖြစ်ပါတယ်၊ အလားတူပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး၊ ဒီမိုကရေစီအဖွဲ့အစည်းတွေအားလုံး၊ တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံး ကို ကျနော်တို့ဖိတ်ကြားထားမှာပါ"
၂၅ နှစ်ပြည့် ၈ လေးလုံးအရေးတော်ပုံ အခမ်းအနားကို လာမယ့် သြဂုတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့ထိ ၃ ရက်ဆက်တိုက်ကျင်းပမှာဖြစ်ပြီး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးတွေကို အခြေခံထားတဲ့ ဆွေးနွေးစရာခေါင်းစဉ် ၆ ခုကို သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲတွေမှာလည်း အခမ်းအနားတက်ရောက်လာမယ့် အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် ပါဝင်ဆွေးနွေနိုင်မှာဖြစ်တယ်လို့ ကိုမြအေးက ပြောပါတယ်။
"ဆန္ဒရှိလို့ဝင်ဆွေးနွေးရင် ကျနော်တို့ကြိုဆိုတာပေါ့ဗျာ၊ ဘာပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီဖြစ်ပေါ်ရေး၊ လူ့အခွင့်အရေးတိုးတက်ရေးလမ်းကြောင်းပေါ်ကို လျှောက်ကြမယ်ဆိုရင် ကျနော်တို့ကြိုဆိုပြီးသား"
အခုလို ၂၅ နှစ်ပြည့် ၈ လေးလုံးအရေးတော်ပုံ ခမ်းအနားတက်ဖို့ ပြည်တွင်းနဲ့ နယ်စပ်မှာရော၊ နိုင်ငံတကာမှာပါရှိနေတဲ့ ဒီမိုကရက်တစ်အင်အားစုတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ တသီးပုဂ္ဂလတွေအားလုံးက ိုဖိတ်ကြားနေရာမှာ၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေကို ခေတ္တရောက်နေတဲ့ ကိုမင်းကိုနိုင်တို့ကလဲ အဲဒီနိုင်ငံတွေမှာ အခြေစိုက်ပြီး မြန်မာ့အရေးလှုပ်ရှားနေတဲ့ နိုင်ငံရေး၊ လူမှုရေးအဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေကို ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။