ကျောက်မဲ ဒုက္ခသည်စခန်း ၈၈ ငြိမ်းပွင့် ကူညီ


2016.02.21
88-gen-refugees-620.jpg ကျောက်မဲမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေအတွက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း အလှူငွေပေးအပ်စဉ်
Photo: Kan Thar/ RFA

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ဟံသာဝတီဦးဝင်းတင် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တို့ ပူးပေါင်းပြီး ဒီကနေ့ ကျောက်မဲမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ လိုက်လံ ဆေးကုသပေးနေပါတယ်။

ကျောက်မဲမြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးက ပြောပါတယ်။

"ဒီမှာတော့ သိပ်ဆိုးဆိုးဝါးဝါးရောဂါကြီးကြီးမားမားတွေ မတွေ့ရဘူးပေါ့၊ နောက်ပြီးတော့ ကူးဆက်ရောဂါတွေလည်း လတ်တလောထိ ကျမတို့မတွေ့ရသေးဘူး၊ လူကြီးတွေက လမ်းလျှောက်လာရတဲ့ဒဏ်တွေရှိတာပေါ့နော်၊ ရာသီဥတုကိုလည်းဖြတ်သန်းလာရတဲ့ အခါကျတော့ နှာစေး၊ ချောင်းဆိုးတာမျိုး၊ ကိုက်ခဲတာ မျိုးပေါ့နော်၊ အဲ့ဒါမျိုးတွေရှိတယ်"

ဆေးကုသရေးအဖွဲ့ဟာ ဒီကနေ့ ကျောက်မဲမြို့ပေါ်က ဘုန်တော်ကြီးကျောင်း လေးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဆေးကုသပေး ခဲ့ပြီး နောက်ထပ်ဒုက္ခသည်စခန်းတွေမှာလည်း သုံးရက်တာ ဆက်လက် ကုသပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက တအာန်းပလောင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေချင်း တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာကြောင့် ဒေသခံတွေဟာ ကျောက်မဲမြို့ပေါ်ကို တိမ်းရှောင်လာကြရပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေအတွက် ကျောက်မဲမြို့မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ စတင်ပြီး ဒုက္ခသည်စခန်းပေါင်း ၁၉ ခု ဖွင့်လှစ်ပေး ထားတာကာ လာရောက်ခိုလှုံသူ လေးထောင် ဝန်းကျင်ရှိနေပါတယ်။

စစ်ဘေးဒုက္ခသည်တွေရဲ့အခြေနေတွေနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက မမီးမီးကို RFA သတင်းထောက် ကိုကံသာ က တွေ့ဆုံ မေးမြန်းထားပါတယ်။

ကျောက်မဲမြို့ကို ထွက်ပြေးရောက်ရှိလာတဲ့ စစ်ပြေးဒုက္ခသည် ၄ ထောင် နီးပါးရှိ လာနေပြီဖြစ်ပါတယ်။ ဒုက္ခသည်တွေရဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး သူတို့ကို ကူညီပေးနေတဲ့ ကျောက်မဲမြို့ခံ ကိုသားဇော် ကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။