မောင်တောဒေသ ကူညီကယ်ဆယ်ရေး ခရီးစဉ် ၈၈ အဖွဲ့ဝင်တွေ ရှင်းလင်း
2017.09.13

အကြမ်းဖက်ခံရတဲ့ဒေသမှာရှိနေတဲ့ တိုင်းရင်းသားလူမျိုးတွေအနေနဲ့ စားနပ်ရိက္ခာလိုအပ်မှုထက် အသက်အိုးအိမ် စည်းစိမ်လုံခြုံဖို့က အဓိကဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် မမီးမီး က ပြောပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသတွေကို သွားရောက်ကူညီခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေရဲ့ ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန် မြို့က ရုံးမှာပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ မမီးမီးက ပြောခဲ့တာပါ။
"ပြဿနာ တစ်စုံတရာ ဖြစ်တိုင်းဖြစ်တိုင်းကို ကချင်စစ်ဘေးပဲဖြစ်ဖြစ်၊ ရခိုင်အကြမ်းဖက်မှုပဲဖြစ်ဖြစ်၊ တကယ်တမ်း ဒုက္ခရောက်ရတဲ့သူက ကျမတို့ ဌာနေမှာရှိတဲ့ ဒေသခံ နိုင်ငံသားတွေ၊ အဲ့အတွက်ကြောင့်မိုလို့ ဒီနိုင်ငံသားတွေကို လုံခြုံမှုပေးဖို့၊ သူတို့အတွက် ကာကွယ်ပေးဖို့က အဓိကအချက်အနေနဲ့ လိုအပ်တာကို တွေ့ရတယ်၊ သူတို့ကို ကျမတို့ မေးတဲ့အခါမှာလည်း သူတို့အတွက်က စားနပ်ရိက္ခာအဓိက မဟုတ်ဘူး၊ သူတို့ဘဝ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှုပေးဖို့က အဓိကဖြစ်တဲ့အတွက်ကြောင့်မို့ လုံခြုံရေးအင်အား ကို ပိုပြီးတော့ တိုးမြှင့်ထားဖို့နဲ့ နောက်တစ်ခုက ပြည်သူလူထု မြင်သာထင်သာတဲ့ လုံခြုံရေးစနစ်ကို စနစ် တကျစီမံပေးဖို့ လိုအပ်ပါတယ်"
၈၈ မျိုးဆက်အဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ်ထဲက ကြိမ်ချောင်း၊ စပယ်ကုန်းစတဲ့ ကျေးရွာတွေနဲ့ ဘူးသီးတောင်မြို့နယ်ထဲက တောင်ပဇာ၊ သရကူနဲ့ ကထိလှကျေးရွာတွေအထိ သွားရောက်ကူညီခဲ့ပြီး ကြိမ်ချောင်း ကနေ လူဦးရေ ၂၀၀ လောက် ခေါ်ဆောင်နိုင်ခဲ့သလို ကထိလှကျေးရွာကနေလည်း စက်လှေ ၂ စီးအပြည့် ကယ် ဆယ်နိုင်ခဲ့ပြီး မောင်တောမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းထဲက ကယ်ဆယ်ရေးစခန်းကို ခေါ်ဆောင်နိုင်ခဲ့တယ်လို့ မမီးမီးက သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သတင်းမီဒီယာတွေအနေနဲ့ ဖိအားကင်းကင်း၊ အစွဲ ကင်းကင်း၊ အမှန်တရားဘက်၊ ကိုယ်နေတဲ့နိုင်ငံဘက်က သစ္စွာမဖောက်ပဲ သတင်းတွေရေးဖို့ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် ရခိုင်အရေးအပြီး နောက်ဆက်တွဲအနေနဲ့ တောင်တွင်းကြီးမှာဖြစ်ခဲ့တဲ့ ဘာသာရေးဆန်ဆန် ဖန်တီး မှုတွေဟာ ဒီမိုကရေစီဖော်ဆောင်နေတဲ့ လက်ရှိအစိုးရကို အင်အားချိနဲ့အောင်၊ အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေတာဖြစ်ပြီး အဲ့လိုဆက်လုပ်နေရင် မှားမှာဖြစ်တယ်လို့ ကိုဂျင်မီ က ပြောပါတယ်။
အခုသွားရောက်ကူညီခဲ့တဲ့ ၁၀ ရက်တာခရီးစဉ်အတွင်း လုံခြုံရေးအခြေအနေအရ နေရာတိုင်းကို သွားခွင့်မရ ခဲ့ပေမယ့် ကျေးရွာတော်တော်များများကို စားနပ်ရိက္ခာအကူအညီတွေအပြင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကူအညီတွေပါ ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။