၈၈မျိုးဆက်ကျောင်းသားများ ပွင့်လင်းခရီးစဉ် ပြန်လည်စတင်

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းဖော်ဆောင်ရေး ခရီးစဉ် အဖြစ် ပြည်မြို့၊ မြို့သစ်မြို့နဲ့ တောင်တွင်းကြီးမြို့ ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့ သွားရောက်ခဲ့ ပါတယ်။

2013.02.07

ဒေသခံပြည်သူတွေအနေနဲ့ မတရားမှုတွေကို ဖော်ထုတ်တဲ့ လှုပ်ရှားမှုတွေ အဆက်မပြတ်ရှိဖို့ လိုတယ်လို့ တောင်တွင်းကြီးမြို့ မောင်တိုင် (၂) ရပ်ကွက်၊ တိုက်သစ်ကျောင်းတိုက်မှာ ကျင်းပတဲ့ တောင်တွင်းကြီး လူထုတွေ့ဆုံပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းခဲ့ပါတယ်။

"ကျွန်တော်တို့ ပြည်သူလူထုတွေဘက်က တွေ့ဆုံဆွေးနွေးပွဲတွေကို တတ်နိုင်သမျှ လုပ်ရပါလိမ့်မယ်၊ လှုပ်ရှားမှုတွေ အဆက်မပြတ်ရှိနေရမယ်၊ ကျွန်တော်တို့ဟာ ဆေးကုခံရမယ့် တိုင်းပြည်အတွက် ဘယ်နေရာမှာ နာနေတယ်၊ ဘယ်နေရာမှာ ကိုက်နေတယ်၊ ဘယ်နေရာမှာ ကျိုးနေတယ်၊ ဘယ်နေရာမှာ အနာဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ ပြောမှသိမှာလေ"

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ တောင်တွင်းကြီး ဒေသခံတွေ တွေ့ဆုံဖို့အတွက် တောင်တွင်းကြီးမြို့တော်ခန်းမကို အသုံးပြုခွင့်ပေးဖို့ ဒေသခံအာဏာပိုင်တွေဆီကို နှစ်ပတ်ကျော်ကြာ ကြိုတင်ခွင့်တောင်းခဲ့ပေမယ့် အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့ ပြည်မြို့မှာ ညအိပ်ရပ်နားပြီး မနက်ဖြန်မှာတော့ ကြို့ပင်ကောက်မြို့နဲ့ လက်ပံတန်းမြို့တွေကို သွားရောက်ပြီး ဒေသခံလူထုတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။