ရခိုင်ပြည်နယ်ရောက် ၈၈ တွေရဲ့ကူညီမှု

ရခိုင်ပြည်နယ်ကို ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီကနေ့ ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး အလှူငွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို ပေးအပ်ခဲ့ကြပါတယ်။

2012.07.11
88-rakhine-min-won-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ စစ်တွေမြို့ရှိ မင်းဝံ ဒုက္ခသည်စခန်းသို့ ရောက်ရှိနေစဉ်။
Photo: 88 Generation Student

ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုဂျင်မီတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ဒီကနေ့ နေ့လည်က မြို့မ ပရိယတ္တိ စာသင်တိုက်နဲ့ မင်းဝံ ဒုက္ခသည်စခန်း အပါအဝင် စခန်း ၆ ခုကို သွားရောက်ပြီး အလှူငွေ ၅ သိန်းစီ ပေးအပ်လှူဒါန်းခဲ့သလို ဒုက္ခသည်စခန်းတွေက မွေးကင်းစ ကလေးငယ်တွေရဲ့ မိခင်တွေကို ကျပ် ၁ သောင်းစီ ပေးအပ်ခဲ့တယ်လို့ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

"ဒုက္ခသည်စခန်း ၆ ခုပေါ့နော်။ ကျွန်တော်တို့ ရောက်ခဲ့တယ်။ များသောအားဖြင့်ကတော့ ဘုန်းကြီးကျောင်းတွေမှာ ရှိနေတာရယ်၊ မူလတန်းကျောင်းလေးမှာ လုပ်ထားတဲ့ ဒုက္ခသည် စခန်းဖွင့်ထားတာတွေရယ် အဲဒီကိုရောက်ခဲ့တာ၊ ရောက်တော့ အခုလော လောဆယ်တော့ ကျွန်တော်တို့ သဘောၤဆိုက်မှ ဆန်နဲ့ အဝတ်အထည်တွေက ရောက်မှာဆိုတော့ အခုလောလောဆယ်တော့ စခန်းတစ်ခုကို ငါးသိန်းစီပေါ့၊ အဲတာ ကျွန်တော်တို့ လှူခဲ့ပါတယ်။ လှူပြီးတော့ ဒုက္ခသည်တွေလည်း အားပေးစကား ပြောပေါ့လေ"

ညနေပိုင်းမှာ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ စစ်တွေမြို့က ဝံလက် လူမှုကယ်ဆယ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ရုံးခန်းမှာ မြို့မိမြို့ဖတွေ လူမှုရေး အသင်းအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံဖို့အတွက် မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူဟာ တပည့် သံဃာတော် (၃) ပါးနဲ့အတူ စစ်တွေမြို့ကို ရောက်ရှိနေပါတယ်။

ဆရာတော်ဟာ ရွှေစေတီကျောင်းက ဒုက္ခသည်တွေကို သွားရောက်အားပေးပြီး အလှူငွေများ လှူဒါန်းခဲ့ပါတယ်။ နေ့လည်ပိုင်းမှာလည်း ဒုက္ခသည်စခန်း ၃ ခု ထပ်မံသွားရောက်ပြီး အလှူငွေနဲ့ အသုံးအဆောင် ပစ္စည်းတွေ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ဆရာတော် ဦးဝီရသူဟာ စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းမှာ သီတင်းသုံးလျှက် ရှိနေပြီး ရခိုင်ပြည်နယ်မှာ သီတင်းတစ်ပတ် ကြာမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။