၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ပုသိမ်ရောက်ရှိ

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်အဖြစ် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို ဒီနေ့သွားရောက်ပြီး လူထုနဲ့ တွေ့ဆုံဟောပြောခဲ့ပါတယ်။

2012.05.12

ဒီနေ့ အစီအစဉ်မှာ ဒေသခံအာဏာပိုင်တွေရဲ့ တားမြစ်မှုကြောင့် ကြိုတင်စီစဉ်ထားတဲ့ မြောင်းမြဘုန်းကြီးကျောင်းမှာ ဟောပြောခွင့် မရတဲ့အတွက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တွေရော ပြည်သူတွေကပါ ပုသိမ်မြို့နယ် NLD ရုံးကို စီတန်း လမ်းလျှောက်သွားခဲ့ပြီး အဲဒီ NLD ရုံးမှာပဲ ဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီခရီးမှာ လိုက်ပါသွားတဲ့ ကိုထွန်းမြင့်အောင်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ခရီးစဉ်တလျှောက် ကြုံရတာက ပုသိမ်တစ်ခုထဲက အဲဒီလိုမလုပ်ရဘူးလို့ ဒေသခံ အာဏာပိုင်တွေကနေပြီးတော့ တားတာဆီးတာ လုပ်တယ်ဗျ။ နောက်ဆုံးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးကိုပဲ မြောင်းမြ ဘုန်းကြီးကျောင်းကနေပြီးတော့ လမ်းလျှောက်ပြီးတော့ ဒီမှာပဲ အားလုံးလုပ်လိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခန်းကလည်း ကျဉ်းကျဉ်းလေး၊ ပြည်သူတွေကလည်း အများကြီးပါပဲ။ ပုသိမ်မြို့ခံတွေကရော ရွာတွေကပါ တက်လာပြီးတော့လေ သူတို့ရဲ့ အခက်အခဲတွေ အထူးသဖြင့် လယ်ယာ ပြဿနာတွေ၊ ဧည့်စာရင်း ပြဿနာတွေ အဲဒါတွေ ပြောကြတယ်။"

တဆက်တည်းမှာပဲ ချောင်းသာနဲ့ ငွေဆောင်က လယ်ယာမြေ အသိမ်းခံရတဲ့ လယ်သမားတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ အခက်အခဲတွေကို လေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ လူထုတွေ တိုက်ရိုက်ပါဝင် ပတ်သက်တဲ့ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်း ဖြစ်လာဖို့  ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးဆိုတဲ့ လှုပ်ရှားမှုကို တောက်လျှောက် ဆောင်ရွက်နေရာမှာ အခုဆိုရင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း ဒေသတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။