ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် အလှူငွေ

(၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းတွေ အတွက် ကူညီပံ့ပိုးတဲ့ အနေနဲ့ မန္တလေးမြို့ခံ လုပ်ငန်းရှင် တစ်ဦးက အလှူငွေကျပ် သိန်း (၁၀၀) ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်မှာ ရှိတဲ့ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံးခန်းမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

2012.07.15
88-receive-donation-b305 ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် မန္တလေးမြို့နေ လုပ်ငန်းရှင် တစ်ဦး၏ လှူဒါန်းငွေ ကျပ်သိန်းတစ်ရာကို စာရေးဆရာမောင်ဖူလုံမှ တစ်ဆင့်ပေးအပ်ခဲ့ရာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၅ ၇က်နေ့က အခမ်းအနားဖြင့် လက်ခံရယူနေစဉ်။
Photo courtesy of 88 Generation Students Group

အဲဒီအလှူငွေဟာ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ နောက်ထပ် သွားရောက်မယ့် ခရီးစဉ်တွေကို များစွာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

"ဒီအခုရတဲ့ အလှူငွေနဲ့ နောက်ခရီးစဉ်တွေအတွက် ဆက်သုံးနိုင်ပါလိမ့်မယ်။ အဲဒီကနေ ဆက်လာပြီး အလှူငွေတွေ ရနေသရွေ့တော့။ နောင်တကယ် လိုအပ်လာရင် ကျနော်တို့ သဘင် အလုပ်တွေ လုပ်ပြီးတော့ ပိုက်ဆံ အလှူခံရ ခံရပေါ့။ ကျနော်တို့ ကိုယ့်ကိုယ်ကို မရောင်းစားရပဲနဲ့ ကျန်တဲ့ အနုပညာတွေကို ရောင်းတဲ့နည်းနဲ့ပဲ ကျနော်တို့ ဆက်ပြီးတော့ အလှူငွေ ရှာကြရပါလိမ့်မယ်။"

ဒီအလှူငွေကို မန္တလေးမြို့က အမည်မဖော်လိုတဲ့ မုန့်တိုက်ပိုင်ရှင် တစ်ဦးက ပထမဆုံးအကြိမ် လှူဒါန်းတာ ဖြစ်ပြီး၊ အလှူငွေကို စာရေးဆရာ မောင်ဖူလုံက (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို ပေးအပ်ခဲ့ပါတယ်။

ဒီအတောအတွင်း ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖေါ်ဆောင်ရေး အတွက် ပြည်ထောင်စု တဝှမ်း လှည့်လည်ပြီး လိုက်လံကူညီ ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကို အနုပညာရှင်တွေ အနေနဲ့ ဝိုင်းဝန်းကူညီဖို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

လူမှုရေး လုပ်ငန်းတွေ အတွက် အနုပညာရှင်တွေ ဘက်ကလည်း အတတ်နိုင်ဆုံး ပါဝင်ကူညီကြဖို့ အဆင့်သင့် ဖြစ်နေကြောင်း တွေ့မြင်ရတယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။

"ဒီနေ့ ကျနော်တို့ ၈၈ ကျောင်းသားတွေရဲ့  ရံပုံငွေပွဲ အတွက် ဂီတပွဲ လုပ်ဖို့ပါ။ အဲဒါ တီးဝိုင်းအများကြီးနဲ့ အဆိုတော်တွေ တော်တော်များများ ပေါ့လေ၊ ကျနော်တို့ လက်လှမ်းမှီသလောက် ဖိတ်ပြီးတော့ သူတို့ဆီက အကြံဉာဏ် တောင်းပါတယ်။ ကျနော်တို့ ဖိတ်တဲ့အပေါ်မှာ သူတို့ အားလုံးက ကြည်ကြည်ဖြူဖြူပဲ ပူးပေါင်း ဆောင်ရွက်ပါမယ်။ အခမဲ့ ဆိုပေးဖို့ ကျနော်တို့က မေတ္တာရပ်ခံတာကိုး ရံပုံငွေအတွက်။ သူတို့က အခမဲ့ ဆိုပေးရုံ မကဘူး။ သူတို့ ဆက်ပြီးတော့ လုပ်ပေးလို့ ရတာ မှန်သမျှထပ်ပြီး ကူညီပေးသွားမယ်လို့ ကတိပေးသွားတယ်။ နောက်ပြီးတော့ ဒီနေ့ပွဲတက်တဲ့ အဆိုတော်တွေတင် မကပါဘူး။ နောက်ထပ်ပေါ့လေ။ လက်လှမ်းမမှီဘဲ ကျန်နေတဲ့ အဆိုတော်တွေ တော်တော်များများလည်း ဒီမှာလာပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းကူညီမယ့် သတင်းစကားတွေ ကတိစကားတွေ ရလိုက်ပါတယ်။"

မစ္စတာဂီတာ ကဖေးဆိုင်မှာ ကျင်းပတဲ့ တွေ့ဆုံပွဲကို နာမည်ကျော် အဆိုတော်တွေ ဖြစ်တဲ့ မေခလာ၊ ကော်နီ၊ ခင်မောင်တိုး၊ သျှီ နဲ့တကွ နာမည်ကျော် တေးရေးဆရာတွေ၊ ဂီတပညာရှင်တွေလည်း တက်ရောက်ခဲ့ကြ ပါတယ်။

အလားတူပဲ ကို မင်းကိုနိုင်ရဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော် တက္ကသိုလ် ကျောင်းသား အရွယ်က ရေးသားခဲ့တဲ့ နောက်ကြည့်မှန် ဝတ္ထုစာအုပ် မိတ်ဆက်ပွဲနဲ့  အမှတ်တရ လက်မှတ်ရေးထိုးပွဲကို ဒီကနေ့ မနက်က ရန်ကင်းစင်တာမှာ ကျင်းပခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။