အမေရိကန် ခရီးစဉ်အပြန် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို လူ ၃ဝဝ ကျော် ကြိုဆို
2013.06.12

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ဟာ တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေကို တစ်လကြာ လှည့်လည် သွားရောက်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းက မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိလာပါတယ်။
အမေရိကန်ခရီးစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ အမေရိကန်အစိုးရ စစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်တွေ အပါအဝင် မြန်မာ မိသားစုဝင်တွေနဲ့ပါ တွေ့ဆုံဆွေနွေးခွင့်ရခဲ့ကြောင်းနဲ့ အသေးစိတ်ကိုတော့ မကြာမီ သတင်းထုတ်ပြန်သွားဖို့ ရှိတယ်လို့ ဦးကိုကိုကြီးက RFA ကို အခုလိုပြောပါတယ်။
"စစ်ဘက်ဆိုင်ရာ အရှေ့တောင်အာရှ ညွှန်ကြားရေးမှူးပေါ့၊ ဗိုလ်ချုပ်နဲ့တွေ့တယ်၊ နောက် ဂျွန်မက်ကိန်းတို့နဲ့ နန်စီဂလိုစီတို့ ဆီနိတ်တာတွေ ကွန်ဂရက်မန်းတွေ နောက်ဂျိုးဆက်ကရောင်နီတို့ နဲ့ တွေတယ်"
မေလ ၁၈ ရက်နေ့က ကိုမင်းကိုနိုင်ဟာ တောင်ကိုရီးယားနိုင်ငံက ချီးမြှင့်တဲ့ ဂွမ်ဂျူး လူ့အခွင့်အရေးဆု လက်ခံရယူခဲ့တာဖြစ်ပြီး၊ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်အခြေစိုက် NED ခေါ် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ချီးမြှင့်တဲ့ ၂ဝဝ၂ ခုနှစ် ဒီမိုကရေစီဆုကိုလည်း လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ကျောင်းသားတွေ၊ အလုပ်သမား၊ လယ်သမားသမဂ္ဂအဖွဲ့ဝင်တွေ အပါအဝင် လူဦးရေ ၃ဝဝ ကျော်က ကြိုဆိုခဲ့ကြပါတယ်။