ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ချက်တွေကို ၈၈ အဖွဲ့ဝန်းရံမည်


2019.07.12
88-meeting-kyaukse-622.jpg မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်မှာ ကျင်းပတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း နယ်ကွန်ယက် တွေ့ဆုံပွဲကို ၂ဝ၁၉ ဇုလိုင် ၁၁ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - မောင်သိန်း(ဒဿနိက)

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ ဆောင်ရွက် ချက်တွေကို အားပေးဝန်းရံထောက်ခံသွားမယ်လို့ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်မှာ ကျင်းပတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း နယ်ကွန်ယက် တွေ့ဆုံပွဲက ထုတ်ပြန်လိုက်ပါတယ်။

မနေ့က စတင်ကျင်းပနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း နယ်ကွန်ယက်တွေ့ဆုံပွဲဟာ ဒီနေ့ နောက်ဆုံးနေ့ဖြစ်ပြီး အချက် ၃ ချက်ပါတဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

အဲဒီထဲမှာ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်တာကြောင့် ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မ တီရဲ့ ဆောင်ရွက်ချက်တွေကို အားပေးဝန်းရံ ထောက်ခံသွားမှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်တာပါ။

မူလတာဝန်တွေဖြစ်တဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ပါဝင် ဆောင်ရွက်သွားမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။

ဒါ့အပြင် တွေးခေါ် မျှော်မြင်နိုင်စွမ်းရှိပြီး စိတ်ချယုံကြည် ကျင့်ဝတ်သိတတ်တဲ့ လူငယ်မျိုးဆက်သစ်တွေ ပေါ်ထွန်းရေး အတွက် အနာဂတ်လူငယ်နှင့်  ပညာရေး ခေါင်းစဉ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ပါရှိပါတယ်။

ဒီတွေ့ဆုံပုံကို တိုင်းနဲ့ ပြည်နယ် ၁၄ ခုက ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေအားလုံး တက်ရောက်ကြတာဖြစ်ပါတယ်။

အခုလို တွေ့ဆုံပွဲကို အရင်က ရန်ကုန်မြို့မှာသာ တစ်နှစ်ကို ၂ ကြိမ် ကျင်းပတာဖြစ်ပါတယ်။

NLD ပါတီက ဦးဆောင်ကြိုးပမ်းနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆိုမူကြမ်းကို လာမယ့် ဇူလိုင် ၁၇ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ထံ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်ပြမှာ လည်းဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။