မြစ်ဆုံစီမံကိန်း အပြီးသတ် ရပ်ဆိုင်းဖို့ ၈၈ မျိုးဆက်ကျောင်းသားတွေ တိုက်တွန်း
2013.06.11

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင် ဦးမြအေး ဦးဆောင်တဲ့အဖွဲ့ဟာ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းကို တာဝန်ယူဆောင်ရွက်နေတဲ့ China Power Investment(CPI) ကုမ္ပဏီနဲ့ တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
အခုလ ၅ ရက်နေ့ကစတင်ပြီး တရုတ်နိုင်ငံကို တစ်ပတ်ကြာ သွားရောက်ခဲ့တဲ့ ခရီးစဉ်ကနေ ဒီကနေ့ ပြန်လည်ရောက်ရှိလာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ပြောကြားခဲ့တာတွေကို အခုလို ပြောပြပါတယ်။
"CPI ကုမ္ပဏီက သူတို့လုပ်တာမှန်တယ်၊ မတရားမလုပ်ဘူးဆိုတာကို သူတို့ရှင်းပြတယ်ဗျာ၊ ဘယ်သူပဲလုပ်လုပ် ဧရာဝတီက မြန်မာတစ်ပြည်လုံးက ချစ်တဲ့မြစ်ဖြစ်တယ်၊ အဲဒီ့မြစ်ရဲ့ ပျက်စီးကြောင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ပြည်သူတစ်ရပ်လုံးက လက်မခံနိုင်ဘူး၊ အဲဒါကို ရပ်ဆိုင်းပေးဖို့ဆိုတဲ့ဟာကိုတော့ ကျနော်တို့က ရှင်းရှင်း ပြတ်ပြတ်သားသားပဲ ပြောခဲ့တယ်"
ဦးမြအေးတို့အဖွဲ့ဟာ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်ခဲ့တာဖြစ်ပြီး ယူနန်ပြည်နယ်၊ တဟုန်ပြည်နယ်ခွဲ ဒုတိယပြည်နယ်မှူးနဲ့ တွေ့ဆုံခဲ့သလို အစိုးရအရာရှိပိုင်းတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူနန်တက္ကသိုလ်က ယူနန်အစိုးရကို အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ တရုတ်မြန်မာ ချစ်ကြည်ရေးအသင်းရဲ့ ဒုတိယဥက္ကဌနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီခရီးစဉ်ကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးနဲ့အတူ မမီမီလွင်၊ ကိုထွန်းမြင့်အောင်နဲ့ မစန်းစန်းမော်တို့ သွားရောက်ခဲ့ကြပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ကျောင်းသားတွေရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့
RFA သတင်းထောက် မရတနာဦးရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။