ဆန္ဒပြကျောင်းသားတွေနဲ့ အစိုးရ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း ၈၈ ပြောကြား
2014.11.17

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေတဲ့ ကျောင်းသားတွေနဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေ ပြီဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ပြောပါတယ်။
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်နေတဲ့ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ က အခုလို ပြောခဲ့တာဖြစ်ပါတယ်။
"အထူးသဖြင့် အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲဖို့ လိုပြီပေါ့၊ ဒီမူဝါဒကို ပြုပြင်ပြောင်းလဲဖို့ လိုပြီဆိုပြီးတော့ NNER အနေနဲ့ တိုက်တွန်းခဲ့တယ်၊ NNER ရဲ့ လှုပ်ရှား မှုတစ်ခုလုံးမှာ ၈၈ အနေနဲ့ ပါဝင်ခဲ့တယ်၊ အဲ့ဒီကနေ တဆင့်ဖြစ်ပေါ်လာတဲ့ ကျောင်းသားလှုပ်ရှားမှုဟာ ဒါကျောင်းသားတွေချည်းပဲ သီးသန့်လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်၊ ကျောင်းသားတွေချည်းပဲ သီးသန့်လှုပ်ရှားမှုဖြစ်တဲ့ အတွက် သူတို့ရဲ့လှုပ်ရှားမှုကို ကျနော်တို့အနေနဲ့ သွားအားပေးတာရှိမယ်၊ တတ်နိုင်သမျှ ကျနော်တို့ကူညီတာ ရှိမယ်၊ ကျောင်းသားလှုပ်ရှားမှု သန့်သန့်ပေါ့နော်၊ အဲဒီ့သန့်သန့်အနေနဲ့ အားပေးသွားမှာဖြစ်တယ်"
မနေ့က ဆန္ဒပြကျောင်းသားတွေနဲ့ ပညာရေးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူးတွေ၊ တက္ကသိုလ်ပါမောက္ခတွေ တွေ့ဆုံ ညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီကနေ့ ပညာရေးဥပဒေ သပိတ်မှောက်ဆန္ဒပြပွဲကို စတုတ္ထနေ့အဖြစ် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့ကြသလို မနေ့ကလည်း ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် ကြေးသွန်းဘုရားကြီးရှေ့မှာ ကျင်းပခဲ့ပါတယ်။
အမျိုးသားပညာရေးဥပဒေကို ပညာရေးဝန်ကြီးဋ္ဌာနက ဦးဆောင်ရေးဆွဲခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုထားပါတယ်။