ရှစ်လေးလုံးအထိမ်းအမှတ် သံရုံးတွေကို ဖိတ်ကြား
2011.08.04

(Photo: AFP)
ရှစ်လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဝါဆိုသင်္ကန်း ကပ်လှူပြီး ဆွမ်းဆက်ကပ် လှူဒါန်းမှာ ဖြစ်ကြောင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အတွက်လည်း ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား ကျောင်းသူဟောင်း တစ်ဦးဖြစ်တဲ့ မဇင်မာအောင် ကပြောပါတယ်။
“ရှစ်လေးလုံး အမှတ်တရ အနေနဲ့ ဝါဆိုသင်္ကန်းကပ်မယ်။ အဓိကက အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်စစ် ရပ်စဲရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်သွားမှာပါ”
ဒီပွဲကို ၈၈ မျိုးဆက် ကျောင်းသားတွေ သာမက တခြာ ကျောင်းသား မျိုးဆက်တွေပါ ပူးပေါင်းပါဝင် ဆောင်ရွက် ကြကြောင်း သိရပါတယ်။ ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ နိုင်ငံရေး လှုပ်ရှားမှု တစ်ခုအဖြစ် ရည်ရွယ်တာ မဟုတ်ဘဲ ငြိမ်းချမ်းရေး အတွက် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ဒီအစီအစဉ် ဖြစ်မြောက် အောင်မြင်မယ်လို့ ယုံကြည်ကြောင်းလည်း မဇင်မာအောင်က ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနားကို လာမည့် သြဂုတ်လ ၈ ရက်နေ့ မနက် ၉ နာရီမှာ ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းက သာဓုပရိယတ္တိ စာသင်တိုက်မှာ ကျင်းပဖို့ စီစဉ်ထားပြီး ဖိတ်ကြားလွှာ တွေကို မနေ့က စပြီး ပေးပို့ခဲ့ကြောင်း သိရပါတယ်။